နယ်မြေရှင်းလင်းချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ လောင်းထက်မနည်းတွေ့
မြေလတ်အသံ၊ မေ ၈၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးခဲ့တဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ဟာ မေ ၇ ရက် ယမန်နေ့မှာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားပြီလို့ မြိုင်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
မြိုင်မြို့နယ်ကျေးရွာတွေမှာ ၇ ရက်ကြာ တပ်စွဲစစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ အဆိုပါစစ်ကြောင်းဟာ ယမန်နေ့ မေ ၇ရက် မနက်အစောပိုင်းမှာ မြိုင်နယ်အတွင်းကစတင်ထွက်ခွာခဲ့တာဖြစ်ပြီး ည ၈နာရီခန့်မှာ အင်ပင်ရွာကတဆင့် ပခုက္ကူ၊ တပ်မ ၁၀၁ အတွင်း ပြန်လည်ဝင်ရောက်သွားခဲ့တာလို့ ဆိုပါတယ်။
“ သူတို့အထိနာသွားတဲ့အတွက် မြိုင်ကိုမဝင်ဘဲ ပခုက္ကူကိုတိတ်တိတ်လေးပြန်ဝင်တော့မယ်ပုံပဲ။ မြင်လိုက်တဲ့သူတွေပြောတာတော့ထမ်းစင်တွေနဲ့ပါထမ်းသွားကြတယ် ”လို့ မြိုင်ဒေသအခြေစိုက် M.V.P Revolution Force ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။
၎င်းစစ်ကြောင်းဟာ မေ ၁ ရက်မှာ သစ်ကြီးတော၊ လေးတန်း၊ ပေါက်ပင်ကိုင်း စတဲ့ကျေးရွာတွေကိုစတင်စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခဲ့ပြီးနောက် အနီးဝန်းကျင်ကျေးရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာချိန်နဲ့ တပ်စွဲနေစဥ်အတွင်း တော်လှန်ရေးတပ်တွေဘက်က နေ့စဥ်နီးပါးအကြိမ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများခဲ့ပြီး အထိနာတဲ့စစ်ကောင်စီတပ်က မေ ၂ ရက်မှ ၆ ရက်နေ့အထိ လေယာဥ်ဗုံး အမြောက်အများ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ အခုရွာကိုရှင်းလင်းရေးဝင်တော့ လေးတန်းရွာရဲ့အနောက်ဘက် နေအိမ်အနီးနား တနေရာမှာ ၂ လောင်း၊ နောက်တနေရာမှာ ၃ လောင်း( မြေမြှုပ်ထားတာ) တွေ့တယ်။ ဖော်တော့မကြည့်သေးဘူး၊ မြေစာပုံနဲ့ ပုပ်စော်တွေနံနေတာပဲ” လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
တပ်စွဲစစ်ကြောင်းထိုးစဥ်အတွင်း သစ်ကြီးတောရွာကနေအိမ် ၆ လုံး၊ ပေါက်ပင်ကိုင်းရွာက နေအိမ် ၃၃ လုံးကို ၎င်းစစ်ကြောင်းက မီးရှို့ခဲ့ပြီး ကျေးရွာတွေအတွင်းကိုလည်း မွှေနှောက်ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
“ ၃ ရွာလုံးက ကပ်လျက်လမ်းပဲခြားတာ လေးတန်းရွာတော့ မရှို့သွားဘဲ အိမ်တိုင်းရစရာမရှိအောင်ကိုမွှေသွားတယ် ဆန်၊ ဆီ၊ ပန်းကန်တွေအကုန်ယူစားသောက် ပိုးစိုးပက်စက် ထားခဲ့တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
တိုက်ပွဲတွေနဲ့ လေယာဉ်ဗုံးကြောင့် မြိုင်နယ်ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၇,၀၀၀ ကျော် အရေးပေါ်စစ်ရှောင်နေခဲ့ကြရပြီး လက်ရှိမှာ စစ်ကြောင်းထွက်ခွာသွားကာ နယ်မြေရှင်းလင်းပြီးဖြစ်တာကြောင့် ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ