ဆော၊ မေ ၁၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အညာကတင်းကျေးရွာကို စစ်ကောင်စီတပ်က မေ ၁ ရက် ဒီကနေ့မနက် ၁၁ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါ အဝင် အမျိုးသမီး ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ အညာကတင်းကျေးရွာရဲ့ အလယ်တန်းစာသင်ကျောင်းအနီးကို ပေါင် ၂၅၀ ဗုံးသီး ၂လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
“သေဆုံးသူတွေက မိသားစု၀င်တွေတော့မဟုတ်ပါဘူးခင်ဗျ။ စာသင်ကျောင်အနီးမှာရှိတဲ့ အိမ်တွေက ပြည်သူတွေပါ။ အမျိုးသမီးကြီး ၃ ယောက်က ပွဲချင်းပြီးသေတာ။ ကလေးမလေးကတော့ ဆေးခန်းပို့တဲ့လမ်းမှာ သေသွားတာ။”လို့ ယောအလင်းတန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
သေဆုံးသူ ၄ ဦးမှာ ဒေါ်မကြည်လေး ၆၅ နှစ်၊ ဒေါ်တင်တင်ခိုင် ၅၂ နှစ်၊ မပြားသာ ၃၈ နှစ်နဲ့ မခွန်းဆက်ချို ၈ နှစ်တို့ဖြစ်ကြပါတယ်။
ဒါ့အပြင် ဗုံးကြဲမှုကြောင့် စာသင်ကျောင်းအဆောက်အဦအပါအဝင် လူနေအိမ် ၅ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ မေ ၁၄ ရက်ကလည်း ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအုပ်စု၊ တောမကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M