စေတုတ္တရာ၊ ဧပြီ ၂၆၊ ၂၀၂၅။
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ လုံးစွန်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၄ ရက်ည ၇ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားခဲ့တယ်လို့ မင်းဘူးခရိုင်တပ်ရင်း ၃ ဆီကသိရပါတယ်။
အိမ်ခြေ ၆၀ ကျော်ရှိတဲ့ လုံးစွန်ကျေးရွာအတွင်းကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် လူနေအိမ် ၅၂ ဆောင်မီးလောင်ပြာကျခဲ့ရတာလို့ဆိုပါတယ်။
“ရွာရဲ့အလယ်တည့်တည့်ကိုကျတာဗျ။ ဗုံးသီး ၂ လုံးက။ ထိခိုက်သေဆုံးမှုတော့မရှိဘူး။ သတင်းကြိုရထားလို့ ရွာထဲကလူတွေကို ရှောင်ခိုင်းထားတာ။ အိမ်မွေးတိရစ္တာန်တွေ သေဆုံးတာတော့ရှိတယ်”လို့ မင်းဘူးခရိုင် တပ်ရင်း ၃ မှတာဝန်ရှိသူတဦးကပြောပါတယ်။
လက်ရှိမှာ နေအိမ်မီးလောင်ပျက်စီးသွားတဲ့ ရွာခံမိသားစုတွေအနေနဲ့ ယာတဲကလေးတွေမှာ ဖြစ်သလိုခိုလှုံနေကြရတာကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်တွေအရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
“သူတို့(ရွာခံတွေ)ရဲ့ စိတ်ထိခိုက်တာတွေ၊ အကြောက်တရားတွေက သူတို့ကိုလွှမ်းမိုးနေတယ်။ တတ်နိုင်သလောက်တော့ ကျနော်တို့တပ်ရင်း၊ တပ်ဖွဲ့တွေက လုပ်ဆောင်ပေးနေတယ်။ လောလောဆယ်ထိတော့ မလုံလောက်ဘူး”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
လုံးစွန်ကျေးရွာနဲ့ ၁မိုင်ခန့်သာကွာဝေးတဲ့ စစ်ကောင်စီတပ်ရဲ့ ဂါလံငါးသောင်းစခန်းကို ဧပြီ ၂၄ ရက်ည ၆ နာရီကျော်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်က ကျေးရွာကို အခုလိုဗုံးလာကြဲတာလို့ မင်းဘူးခရိုင်တပ်ရင်း ၃ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာလည်း စေတုတ္တရာမြို့နယ်၊ မုံညှင်းကျေးရွာအုပ်စု၊ မုံညှင်းကျေးရွာ အနီးကို စက်တပ်လေထီး (Paramotar) နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – အောင်စိုး၊စာတည်း – လင်း၊တည်းဖြတ် – HP