မြေလတ်အသံ၊ ဧပြီ ၃၊ ၂၀၂၅။
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ အခြေပြုလှုပ်ရှားနေတဲ့ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ ၄ နှစ်ပြည့်အခမ်းနားကို ဧပြီ ၁ ရက်က တပ်အခြေစိုက်ရာစစ်ဒေသ ၁ နဲ့ စစ်ဒေသ ၂ ခုမှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို မနက်၉နာရီကနေ နေ့လယ် ၁၁ နာရီအထိကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာပြီး အလံတင်ကာသစ္စာအဓိဌာန်ဆိုတာ၊ မိန့်ခွန်းပြောကြားတာ၊ ပြည်သူ့ ဒီမိုကရက်တစ် အဖွဲ့ဗဟိုကော်မတီကပေးပို့တဲ့သဝဏ်လွှာနဲ့ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ ဗဟိုဌာနချုပ်ကပေးပို့တဲ့ သဘောထားထုတ်ပြန်ချက်နဲ့ မဟာမိတ်အဖွဲ့တွေပေးပို့တဲ့ သဝဏ်လွှာတွေကိုဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် PDO/PDA ရဲ့ အမှတ် (၂) စစ်ဒေသရှိ ကျေးရွာအုပ်ချုပ်ရေး၊ ကျေးရွာကာကွယ်ရေး အရန်တပ်ဖွဲ့ (GSC) နဲ့ ကျေးရွာပြည်သူလူထုမှ အမှတ်တရစကား ပြောကြားခဲ့ပြီး ဒဏ်ရာရတပ်ဖွဲ့ဝင်တွေနဲ့ ကျဆုံးတပ်ဖွဲ့ဝင်တွေကို မှတ်တမ်းတင်ဂုဏ်ပြုကာ အခမ်းအနားပိတ်သိမ်းခဲ့တယ်လို့ (PDO/PDA) ရဲ့ သတင်းနဲ့ ပြန်ကြားရေး ဌာနတာဝန်ခံကပြောပါတယ်။
အခမ်းအနားပြုလုပ်ပြီး ညနေပိုင်းမှာလည်း ကျေးရွာဒေသခံတွေကို (PDO/PDA)ရဲ့ အမှတ်တရ ဗီဒီယိုတွေကို ဖွင့်လှစ်ပြသခဲ့သေးတယ်လို့ ဆိုပါတယ်။
PDO/PDA ကို ၂၀၂၁ ဧပြီ ၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ကျဆုံးတပ်ဖွဲ့ဝင် ၂ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – မင်းခန့်၊ တည်းဖြတ် – HP