myaelatt athan

Sharing Information to the Local

စစ်ကိုင်းတံတားတွေပျက်စီးပြီးနောက် ဒေသခံတွေရေလမ်းကနေဖြတ်ကူးနေ (ရုပ်/သံ)

မြေလတ်အသံ၊ မတ် ၂၉၊ ၂၀၂၅။

ဒါကတော့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့၊ စစ်ကိုင်းတံတားဟောင်းအနီးရှိ စက်လှဆိပ်ကနေ မန္တလေးဘက်ကိုဖြတ်ကူးဖို့ စောင့်ဆိုင်းပြင်ဆင်နေကြသူတွေပါ။

မတ် ၂၈ ရက်မှာ အင်အားရစ်ချာစကေး ၇.၇ ရှိတဲ့ ငလျင်လှုပ်ခဲ့တာကြောင့် သက်တမ်း ၁၀၀ ကျော်ရှိတဲ့ စစ်ကိုင်း တံတားဟောင်း (အင်းဝ)တံတား ပြိုကျပျက်စီးခဲ့ရပြီး တံတားသစ် (ရတနာပုံ တံတား) မှာလည်း လမ်းပိုင်းတွေ အက်ကွဲနေတဲ့အတွက် တံတားပေါ်ဖြတ်သန်းဖို့ ကန့်သတ်ထားတာကြောင့် စက်လှေတွေဇက်တွေနဲ့ ကူးနေရတာလို့ ဒေသခံတဦးကပြောပါတယ်။

“ကျိုးကျသွားတာကတံတားဟောင်း၊ တံတားသစ်က အက်နေတာတွေရှိလို့ ပြန်ပြီးတော့ ပြင်ရမယ့်ဟာတွေရှိလို့မို့လို့ သွားခွင့်မပေးတော့တာ”လို့ စစ်ကိုင်းဒေသခံတဦးကပြောပါတယ်။

စစ်ကိုင်းမြို့က ဒေသခံတွေကလည်း အဆိုပါတံတားတွေကိုအဓိကအသုံးပြုပြီး မန္တလေးဘက်ကို စျေးဝယ်သွားတာ၊ အလုပ်သွားလုပ်ကြတာတွေရှိတယ်လို့ ဆိုပါတယ်။

“မန္တလေးနဲ့ စစ်ကိုင်းတံတား ၂ စင်းလုံးကူးမရတော့ ဟိုဘက်နဲ့ဒီဘက်နဲ့ အသွားအလာလုပ်ကြတော့ ဇက်နဲ့ပဲ ကူးကြတော့တာ၊ ကျနော်တို့စစ်ကိုင်းကအဓိကအားထားကြရတာက မန္တလေးသွားပြီး လုပ်စားကြတာများတယ်၊ မန္တလေးဘက်သွားပြီးအလုပ်လုပ်ကြတာတို့၊ စျေးသွားဝယ်ကြတာတို့ အဲ့လိုမျိုး”လို့ နောက်ထပ်ဒေသခံတဦးကပြောပါတယ်။

ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးမြို့တို့မှာ လူသေဆုံးမှုနဲ့အဆောက်အဦ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်းငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁,၀၀၂ ဦးနဲ့ ဒဏ်ရာရရှိသူစုစုပေါင်း ၂,၃၇၆ ဦးရှိပြီး ၃၀ ဦးပျောက်ဆုံးတယ်လို့ စစ်ကောင်စီက မတ် ၂၉ ရက် နေ့လယ်ပိုင်းမှာ ထပ်မံ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းအတွင်း နေအိမ် ၁,၅၉၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၆၇၀ ကျောင်း၊ စာသင်ကျောင်း ၆၀ ကျောင်း၊ တံတား ၃ ခု၊ ဘုရားစေတီ ၂၉၀ တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ထားပြီးကျန်ဒေသတွေရဲ့ ပျက်စီးမှုတွေကိုထုတ်ပြန်ထားတာမရှိသေးပါဘူး။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။