မြေလတ်အသံ၊ ဇန်နဝါရီ ၇၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကော်မရှင်ဘက်က အနည်းဆုံးတပ်သား ၁၀ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း Myingyan Black Tiger-MBT အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၅ ရက်က နွားထိုးကြီးမြို့နယ်၊ ကုကုန်းရွာမှာတပ်စွဲထားတဲ့စစ်တပ်က အင်အား ၃၀ လောက်နဲ့ ရွာအနီးက ကြက်ခြံကိုကြက်ပစ်ဖို့ထွက်လာချိန် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်သား ၇ ဦး သေဆုံးပြီး ၅ ဦးခန့်ဒဏ်ရာရကာ ကုကုန်းရွာထဲပြန်ဝင်သွားတယ်လို့ MBTအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ၂၆ ရက်မှာလည်း မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၃ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို MBT အဖွဲ့၊ MGN 35 ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ကြယ်တပွင့်တပ်ဖွဲ့၊ Myingyan Danger Dynamite အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၃၁ ရက် မနက် ၇ နာရီမှာ ကုကုန်းရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် အင်အား ၆၀ လောက်က MBT အဖွဲ့တပ်စွဲထားတဲ့နေရာကို ထိုးစစ်ဆင်လာတာကြောင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်အထိနာပြီး ရွာထဲပြန်ဝင်သွားတယ်လို့ MBT အဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။
“ကုကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ကျနော်တို့ MBT တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို ထိုးစစ်ဆင်လာကြတာ။ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်။ ဒီကောင်တွေဘက်က ထိခိုက်သေဆုံးမှုများတဲ့အတွက်ကြောင့် လေကြောင်းပစ်ကူပေးတာတွေ ရှိခဲ့တယ်။ ရန်သူ့သေဆုံးမှုကိုတော့ သတင်းထောက်ယူလို့ မရသေးဘူး”လို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။
စစ်ကော်မရှင်တပ်က အထိနာပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလို နွားထိုးကြီးနဲ့မြင်းခြံမြို့ဘက်ကနေလည်း လက်နက်ကြီးပစ်ကူတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေကို Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ Burmese Guerrilla Force (BGF) တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြင်းခြံမြို့နဲ့ နွားထိုးကြီးမြို့ကြားထဲကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲ မကြာခဏဖြစ်နေတာကြောင့် မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို အသုံးမပြုကြဖို့လည်း တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
စာတည်း – မြတ်၊ တည်းဖြတ် – M