ချောင်းဦး၊ ဒီဇင်ဘာ ၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်ရွာကိုစစ်ကြောင်းထိုးဖို့ စစ်ကော်မရှင်တပ်တွေလိုက်ပါလာတဲ့ အမြန်ရေယာဥ်မော်တော် ၂ စီးကို ဒီဇင်ဘာ ၁ ရက်က မုံရွာမြို့နယ်အပိုင် ချင်းတွင်းမြစ်ကြောင်းတနေရာမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group – CFG ဆီက သိရပါတယ်။
မုံရွာ နမခ တပ်ကနေ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၆၀ ပါလာတဲ့ အဆိုပါရေယာဥ် ၂ စီးကို ညနေ ၄ နာရီခွဲလောက်က မီတာ ၂၀၀ အကွာအဝေးကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မုံရွာမြို့နယ်၊ အုန်းပင်ဆိပ်ကနေထွက်လာပြီး ချောင်းဦးမြို့နယ်၊ အမြင့်ရွာကို စစ်ကြောကင်းထိုးရန်လာတဲ့ အမြန်ယာဉ် ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ မီတာ ၂၀၀ အကွာအဝေးလောက်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ မုံရွာ နမခ ထဲကနေ အုန်းပင်ဆိပ်ကို ကား ၅ စီးနဲ့ချသွားတာ၊ အင်အားခန့်မှန်းချေကတော့ ၅၀/၆၀ လောက်တော့ပါတယ်။”လို့ Chindwin Fighter Group – CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Chindwin Fighter Group – CFG နဲ့ Brave Heart Army – (B.H.A) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အပြန်အလှန်တိုက်ခိုက်ချိန် ၇ မိနစ်ခန့်ကြာမြင့်ခဲ့ကာ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူလို့ ဆိုပါတယ်။
လက်ရှိမှာ အဲ့ဒီရေယာဥ်တွေဟာ အမြင့်ရွာမှာ ကပ်ထာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကလည်း မုံရွာမြို့ နမခ နဲ့ ဝမ်ပေါင်ကထွက်လာတဲ့ သံပြာကာကား ၅ စီးနဲ့ ကြေးနီတင်တွဲကား ၂၂ စီးတို့ကို Chindwin Fighter Group – CFG အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်က ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
တည်းဖြတ် – M