နွားစာရိတ်ဖို့ထွက်လာတဲ့ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

0 0
0 0

မြိုင်၊ နိုဝင်ဘာ ၁၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာထဲကနေ နွားစာရိတ်ဖို့ထွက်လာတဲ့ ပျူစောထီး ၁ ဦးကို စောင့်ကြိုပစ်ခတ်ခဲ့ရာ သေဆုံးမှုရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ဆီက သိရပါတယ်။

နိုဝင်ဘာ ၁ ရက် ဒီနေ့ မနက် ၈ နာရီ ၂၄ မိနစ်မှာ သရက်ကန်ရွာထဲကနေ နွားစာရိတ်ဖို့ထွက်လာတဲ့ ပျူစောထီး ၁ ဦးကို မီတာ ၈၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်ခံရသူဟာ ကိုသိန်းတန်ဆိုသူဖြစ်ပြီး ရွာအပြင်က မြေပဲခင်းထဲကို နွားစာရိတ်ဖို့လာတဲ့အချိန် ပစ်ခတ်ခဲ့တာ လို့သိရပါတယ်။

“ဒီနေ့မှ မြေပဲခင်းကို နွားစာရိတ်ဖို့ထွက်လာတာကို ကျ‌နော်တို့က စောင့်ပြီးပစ်တာ။ နွားစာရိတ်ဖို့လာတဲ့အချိန် ပစ်ခတ်ခဲ့တာ။ သူရောက်နေတဲ့နေရာနဲ့ ကျနော်တို့က မီတာ ၈၀ လောက်ဝေးတယ်။ ရွာနဲ့ဆိုရင်တော့ မီတာ ၂၀၀ လောက်ဝေးတယ်။ သူလဲကျသေသွားတော့ နောက်ထပ်ရွာထဲက ထွက်လာကြသေးတယ်”လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တာဝန်ခံ ကိုမိုးက ပြောပါတယ်။

ရွာထဲက ထွက်လာတဲ့ ပျူစောထီးတွေနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစုတွေ အပြန်အလှန်ပစ်ခတ်မှုတချို့ ရှိခဲ့ပေမယ့် တော်လှန်ရေးတပ်တွေ အထိခိုက်မရှိပြန်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်မှာ သရက်ကန်ရွာကို ပျူစောထီးရွာလို့ တော်လှန်ရေးတပ်တွေက သတ်မှတ်ထားပြီး ကျေးရွာအတွင်းမှာ လက်နက်ကိုင်ပျူစောထီး ၆၀ နဲ့ စစ်ကောင်စီတပ်က ၁၀ဦး နေထိုင်တယ်လို့ သိရပါတယ်။

ကျေးရွာအတွင်းမှာ နောက်ထပ်ပြည်သူတချို့ နေထိုင်ပြီး ၎င်းတို့ဟာလည်း ပျူစောထီးမိသားစုဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၁၊ တပ်ခွဲ ၄ (စက်ြာ)၊ ဒေါင်းမာန်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်တပ်ဖွဲ့ နဲ့ TYK ပြောက်ကျားတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း မြိုင်မြို့နယ် သရက်ကန်ရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦးနဲ့ ပျူစောထီး ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – မြတ်၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။