ပဲခူး၊ အောက်တိုဘာ ၁၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီးရရှိခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ဆီက သိရပါတယ်။
သရက်ချောင်းရွာက ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ထွက်လာတဲ့လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီလောက်က သရက်ချောင်းရွာအထွက်မှာ ကြားဖြတ်ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခွဲခန့်ကြာခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့ ပြည်သူတွေနေအိမ်ကို မီးရှို့တယ်၊ ဖျက်ဆီးတယ်။ ဖျက်ဆီးတဲ့အချိန်မှာပဲ ရွာအထွက်မှာ ကျနော်တို့တွေ တိုက်ပွဲစတင်ပြီးတော့ ဖော်ဆောင်တယ်ပေါ့။ (စကမ)အင်အားက ၇၀ လောက်ရှိတယ်။ ကျနော်တို့ပိုင်နိုင်စွာပဲတိုက်ခိုက်ခဲ့တယ်ပေါ့။ အဲ့အချိန်မှာ အင်အားက ၇၀ လောက်ကို ၂၀ လောက် ကျသွားတယ်ပေါ့။” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူတဦးက ပြောပါတယ်။
တပ်မ ၆၆ စစ်ကော်မရှင်တပ်သားတွေအပါအဝင် လက်ပံတန်းက ဇော်မင်းသိန်းနဲ့ ဌေးအောင်ရှိန်တို့ဦးစီးတဲ့ ပျူစောထီးအဖွဲ့တွေနဲ့ ပူးပေါင်းအင်အား ၇၀ ခန့်ပါအဆိုပါစစ်ကြောင်းဟာ လက်ပံတန်းမြို့နယ် လွှစင်ကုန်းရွာ၊ ပဒဲကောရွာဘက်ကနေတဆင့် သရက်ချောင်းရွာကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး သရက်ချောင်းရွာကို မီးရှို့ခဲ့လို့ နေအိမ် ၆ လုံးခန့် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကော်မရှင်ဘက်က စစ်သုံ့ပန်း ၁၂ ဦးအပါအဝင် G 3 ၁၀ လက်၊ G 4 ၃ လက်၊ MA 12 ၂ လက်၊ စနိုက်ပါ ၁ လက်၊ ကာဘိုင် ၁ လက်နဲ့ ကျည်အနည်းငယ်ရရှိခဲ့ပြီး စစ်သုံ့ပန်းတွေကိုတော့ တပ်ရင်းတွေက အကောင်းဆုံးထိန်းသိမ်းသွားမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုနဲ့ အမှတ် ၃၈၀၂ တပ်ရင်း၊ အမှတ် ၃၈၀၃ တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာ လူငယ်အားမာန်စာကြည့်တိုက်မှာရှိတဲ့ စစ်ကော်မရှင်မဲစာရင်းတွေကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
တည်းဖြတ် – M