ဆားလင်းကြီးမှာပြုလုပ်တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် (ရုပ်/သံ)

0 4
0 4

ဆားလင်းကြီး၊ စက်တင်ဘာ ၂၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာ ၆ ရွာမှာ စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့လှုပ်ရှာမှုတခုဖြစ်တဲ့ ဆိုင်ကယ်သပိတ်ကို ပြုလုပ်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုဆီက သိရပါတယ်။

စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းကစပြီး ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု၊ ယင်းမာပင်မြို့နယ်သပိတ်အင်အားစု၊ မုံရွာပင်မလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ တကသကျောင်းသားဟောင်းများအင်အားစု ရန်ကုန်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး ဆိုင်ကယ်အစီးရေ ၄၀ ကျော် လူအင်အား ၇၀ ခန့်နဲ့ ကျေးရွာတွေကို လှည့်လည်ကာ သပိတ်ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

“သပိတ်ကော်မတီရဲ့ သဘောထားကတော့ ရှင်းပါတယ် အတုအယောင်ရွေးကောက်ပွဲကို တရားဝင်မှုအားလျော့အောင် ရတဲ့ပုံစံနဲ့ လုပ်ကြဖို့ပါပဲ။ ပြည်သူတွေကို ဘာပြောချင်လဲဆိုတော့ ကျွန်တော်တို့နဲဲ့အတူ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ကြဖို့ပါပဲ”လို့ ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု ကော်မတီဝင်တဦးက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေကြရပြီး ဒီဒုက္ခတွေ ချုပ်ငြိမ်းဖို့အတွက် တသံတည်းညီ တချီတည်းရုန်းပြီး စစ်အာဏာရှင်ကို ဖြုတ်ချကြပါစို့လို့ တိုက်တွန်းလိုတယ်လို့ အထက်ပါ ကော်မတီဝင်က ဆက်ပြောပါတယ်။

ကျေးရွာတွေကိုလှည့်လည်ပြီး သပိတ်ပြုလုပ်ချိန် လူထုရဲ့အသက်စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးဖို့အတွက် စစ်ကော်မရှင်အနေနဲ့ ထွက်ပေါက်ဖြစ်တဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ဖို့ကြိုးစားနေတာဖြစ်ပြီး ဒီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ ဆိုပါတယ်။

သပိတ်အဖွဲ့တွေ ကျေးရွာတွေကိုရောက်လာချိန်မှာ ကျေးရွာနေပြည်သူတွေကလည်း ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။