သစ်ကားတွေကို ပြေစာမဲ့ငွေကောက်တယ်ဆိုကာ ဒီပဲယင်းမြို့နယ်ပလဖ ဆန္ဒပြခံရ (ရုပ်/သံ)

0 41
0 41

ဒီပဲယင်း၊ ဩဂုတ် ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ – ပလဖက ဒေသတွင်းဖြတ်သန်းသွားတဲ့ သစ်ကားတွေကို ပြေစာမဲ့ငွေကောက်ခံတယ်ဆိုကာ လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြို့နယ်ပလဖရဲ့ဒေသအခေါ် အင်ကြင်းတံပိုးရေလှောင်တမံထိပ်ဂိတ်ကို ဖျက်သိမ်းပေးဖို့ ကျေးရွာ ၁၀ ရွာက ဒေသခံ ၂၀၀ ခန့် ဩဂုတ် ၉ ရက် မနေ့ နေ့လယ်ပိုင်းမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ငွေကောက်ခံမှုများပြားတာ၊ ပြေစာမဖြတ်ဘဲ ငွေတောင်းခံတာတွေလုပ်ဆောင်နေတာကြောင့် အခုလိုလုပ်ဆောင်တာလို့ ဆန္ဒပြမှုမှာပါဝင်သူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်ကို ဒီပဲယင်းမြို့နယ်ပလဖတာဝန်ခံက ဦးစီးနေပြီး ငွေကောက်ခံတာမှာ တပ်ဖွဲ့ဝင်တွေအပြင် ပလဖက ဖမ်းဆီးထားတဲ့ အကျဥ်းသားတွေလည်း ဝင်ရောက်ကောက်ခံမှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီ့ပလဖဂိတ်က ဂိတ်အခွန်ပြေစာပေးဆောင်တာမရှိဘဲ ငွေကောက်ခံနေတဲ့အပေါ် သက်ဆိုင်ရာ NUG အစိုးရဝန်ကြီးဌာနတွေအနေနဲ့ ထိန်းသိမ်းပေးဖို့ တောင်းဆိုတယ်လို့လည်း ပြောပါတယ်။

ဒေသခံတွေ ဆန္ဒပြမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ၎င်းနေရာဟာ ဒီပဲယင်းမြို့နယ်ပလဖအဖွဲ့စခန်းနေရာဖြစ်ပြီး ဖြတ်သန်းသွားလာတဲ့ သစ်ကားတွေကို သက်ဆိုင်ရာမြို့နယ်သယံဇာတဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်(မျော)နဲ့သယ်ဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးမှုတွေ လုပ်ဆောင်တဲ့နေရာလည်းဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း ဝက်လက်မြို့နယ်ခရိုင်ချင်းဆက်လမ်းတွေမှာ ဖွင့်လှစ်ထားတဲ့ ရှိန်းမကားတိုက်နယ်ပကဖရဲ့ အခွန်ကောက်ဂိတ်ဟာ ဖြတ်သန်းသွားတဲ့ စက်သုံးဆီတင်ကားတွေကို ပေပါ ၁ လုံးကို ၁၅,၀၀၀ ကျပ် ကောက်ခံတာကြောင့် ဒေသတွင်းစက်သုံးဆီသယ်ဆောင်သူတွေနဲ့ ဒေသခံတွေပူးပေါင်းပြီး ဆန္ဒပြခဲ့ပါသေးတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – M

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။