စေတုတ္တရာ၊ ဇူလိုင် ၂၈၊ ၂၀၂၅။
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ ပျူစောထီးစခန်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် သေဆုံးသူများခဲ့တယ်လို့ စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင် ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၂ ရက် ၇ နာရီကျော်လောက်ကစတင်ပြီး ပျူအင်အား ၈၀ ခန့် ဖြန့်ခွဲရှိနေတဲ့ ကျေးရွာ အစွန်အဖျားကဘန်ကာတွေကို ဒရုန်းဗုံး ၁၇ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် နေ့လယ် ၁၂ နာရီခန့်မှာ ကပစ ၂၀ ကနေ အင်အား ၈၀ ကျော်ပါ စစ်ကောင်စီကား ၂ စီးဟာ စေတုတ္တရာ-ငဖဲ လမ်းအတိုင်း ကူတော်ရွာဘက်ကို စစ်ကူလာချိန် သက်လည်ကျေးရွာအနီး လမ်းပိုင်း အရောက်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပါသေးတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ညပိုင်းမှာ ပေါက်စိန်လေးကျေးရွာမှာညအိပ်ပြီး ဇူလိုင် ၂၃ ရက်မှာ ကူတော်ရွာကို ဆက်လက်ထွက်ခွာချိန် လမ်းတလျှောက် ဒရုန်းတွေနဲ့ဗုံးချတိုက်ခိုက်ခဲ့သလို မဏ္ဍိုင်ကိုင်းကျေးရွာကို ရောက်ပြီး အနားယူနေချိန်နဲ့ ကူတော်ရွာကို ရောက်ချိန်မှာလည်း ဒရုန်းတွေနဲ့ ထပ်မံဗုံးချတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
“ပျူစောထီးရွာကို ဒရုန်းဗုံးတွေနဲ့အရင်ချတယ်။ ချပြီး သူတို့ထိခိုက်ဒဏ်ရာရပြီး လက်နက်ဂိုဒေါင်ကိုလည်းထိတယ်ပေါ့လေ။ ကပစ ၂၀ ကလည်း ပစ်ခတ်မှုကောင်းကောင်းလုပ်ခဲ့ပြီးမှ နေ့လည်မှာ စစ်ကား ၂ စီး၊ ဒဘယ်ကပ် ၂ စီး အင်အား ၈၀ လောက်နဲ့ ငဖဲ လမ်းအတိုင်းထွက်ချလာတာ။ သယ်လည်ရွာအလွန်လေးရောက်တော့ မြေပြင်တပ်ဖွဲ့တွေက ပြင်းအားပြင်း ၉ လုံးနဲ့တိုက်ခိုက်တယ်။ လက်နက်ငယ်တွေနဲ့ပစ် တိုက်ပွဲဖြစ်ခဲ့တယ်။ သူတို့ဘက်က အင်အားများတော့ ပြန်ဆုတ်လိုက်တယ်”လို့ စေတုတ္တရာမြို့နယ်ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အဆိုပါ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာ၊ မိုင်းဆွဲပစ်ခတ်တာတွေအတွင်း ပျူစောထီး ၉ ဦးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးထားပြီး ဗိုလ်ကြီးကျော်စွာမျိုးထွဋ် အပါအဝင် စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများ အများအပြားထိခိုက်ဒဏ်ရာရာတာကို ဒရုန်းနဲ့မြင်တွေ့ရတာ၊ မြေပြင်သတင်းထောက်လှမ်းချက်တွေအရ သိရတာလို့ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကိုတော့ စေတုတ္တရာမြို့နယ် ပ.က.ဖ၊ မြိုင်၊ ပေါက်၊ပခုက္ကူ၊ ကမ္မ ပ.က.ဖ တပ်ပေါင်းစု၊ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ကူတော်ပြည်သူစစ်ရွာကို PDF တွေဘက်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးထားတယ်ဆိုပြီး ရေးသား ထားကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စေတုတ္တရာမြို့နယ်၊ လုံးကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် – HP