မြိုင်၊ ဇွန် ၁၅၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်မြောက်ရှိ သန်းနုတောရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆ ဦးထိခိုက်ဒဏ်ရာရပြီး အိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ ဒေသတွင်းအခြေအနေတွေကိုသိရှိထားသူတွေဆီက သိရပါတယ်။
ဇွန် ၁၅ ရက်နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့စက်တပ်လေထီး ၂ စီးနဲ့ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သန်းနုတောရွာနေ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။


“အမျိုးသား ၂ ဦး အမျိုးသမီး ၄ ဦးဒဏ်ရာရတယ်၊ အမျိုးသမီး ၂ စိုးရိမ်ရ။ အိမ် ၂ လုံးပျက်တယ်။ စပါးကျီ ၁ လုံးပျက်တယ်။ ခိုင်းနွား ၂ ကောင်သေတယ်။”လို့ မြိုင်မြို့နယ်အတွင်းကအခြေအနေတွေကို တင်ပြပေးနေတဲ့ We Love Myaing အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
သန်းနုတောကျေးရွာဟာ မြိုင်မြို့နဲ့ ၅ မိုင်ခန့်အကွာမှာရှိပြီး ခုလိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

“ပါရာမော်တာ ၂ စီးနဲ့ ၂ လုံးကြဲတာ၊ အကြောင်းမဲ့ကြဲတာ။ မြိုင်အနောက်မြောက်ဘက် တအား မဝေးဘူး။ အဲ့ဒီရွာကိုတော့ ပထမဆုံးပေါ့။ အဲ့ဒီဘက်အပိုင်းကတော့ ပထမဆုံးမဟုတ်ဘူးဗျ။ မြိုင်နယ်က တနယ်လုံး ပတ်ကြဲခံနေရတာဆိုတော့။”လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၄ ရက်ကလည်း မြိုင်မြို့နယ်၊ အိုရင်းကျေးရွာကို တိုက်ပွဲဖြစ်ဖြစ်တာမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၃ လုံးပျက်စီးခဲ့ပါတယ်။

စာတည်း – လင်း