မင်းဘူး၊ မေ ၄၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်က စစ်ကောင်စီတပ်သား ၃ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ မေ ၄ ရက်ဒီကနေ့မှာ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်းကနေ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှာ လွှဲပြောင်းတာဝန်ထမ်းဆောင်နေတဲ့ အဆိုပါတပ်သား ၃ ဦးဟာ ဧပြီ ၃၀ ရက်မှာ ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။
“နတ်ရေကန်မှာ တာဝန်ကျနေတာ၊ သူတို့ ၂၀၂၅ ခုနှစ် ၃ လပိုင်းမှာ တာဝန်ကျတာပါ၊ သူတို့ လုံခြုံရေး အရ အမည်တွေကိုတော့ပြောပြဖို့အဆင်မပြေပါဘူး၊ သူတို့ကတော့ ကျနော်တို့တော်လှန်ရေး တပ်ဖွဲ့တွေဆီမှာ ဆက်ပြီးတာဝန်ထမ်းဆောင်မှာပါ၊” လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း တပ်ရင်းမှူး ဗိုလ်ဇာမဏီက ပြောပါတယ် ။

အဆိုပါတပ်သားတွေဟာ MA 1 ၃ လက်၊ ၅.၅၆ ကျည် ၆၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၃ လုံး၊ ဦးထုပ် ၃ လုံး၊ အီကွေ့မန့် ၃ ခု ယူဆောင်လာခဲ့တာကြောင့် ဆုငွေချီးမြှင့်ပြီး တပ်ရင်းမှာထားရှိကာ လိုအပ်တဲ့အကူအညီတွေလည်းပေးထားတယ်လို့ ဆိုပါတယ်။
အဆိုပါကစစ်ကောင်စီတပ်သား ၃ ဦးဟာ ၂၀၂၄ နိုဝင်ဘာလမှာ နေပြည်တော်အပါအဝင် ၎င်းတို့နေထိုင်ရာဒေသတွေမှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် ဗထူး စစ်သင်တန်းကျောင်း၊ ဟိုပုံး နဲ့ ရပ်စောက်တို့မှာ စစ်သင်တန်း ၂ လတက်ရောက်ခဲ့ပြီး ခမရ ၄၁၇ ကိုရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ ဘက်ပြောင်းခိုလှုံလာတဲ့စစ်ကောင်စီတပ်သား စုစုပေါင်း ၄ ဦးရှိပြီး အားလုံးကို စိတ်လုံခြုံမှု အပြည့်အဝရရှိအောင်ထားရှိထားတယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။
စာတည်း – လင်း