ပခုက္ကူ၊ မေ ၁၃၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က KTV တခုမှာ ပစ္စတိုသေနတ်ကိုင်ဆောင်ထားသူ ပျူစောထီး ၁ ဦးကို ဖမ်းမိခဲ့တယ်လို့ ပခုက္ကူအခြေစိုက် Badassess Burma Force တပ်ဖွဲ့ထံက သိရပါတယ်။
ပခုက္ကူမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ကာနေဘယ် KTV ဆိုင်မှာ စစ်ကောင်စီလက်အောက်တပ်ဖွဲ့တချို့ရောက်ရှိနေကြောင်း သတင်းရရှိတာကြောင့် မေ ၁၀ ရက် နေ့လည် ၁ နာရီကျော်မှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ၁ ဦးဖမ်းမိပြီး ၂ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
” ** ၃ ကောင် အရက်သောက်နေတယ်လို့ အတိအကျလာပြောလို့ ဝင်ဖမ်းတာ။ မိလာတဲ့ ၁ ယောက်က ကောင်တာမှာအတိုနဲ့မိတာ။ ရပ်ကွက်ထဲ သတင်းပေးနေတဲ့ ပျူစောထီးလို ကောင် “လို့ Badassess Burma Forceမှ သတင်းပြန်ကြားရေး Point က မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးရမိသူမှာ ပခုက္ကူမြို့၊ ရပ်ကွက်တခုရဲ့ သေနတ်ကိုင်ဆောင်ခွင့်ရသူ စစ်ကောင်စီသ တင်းပေး အသက် ၄၈ နှစ်ရှိ မျိုးအောင်ဆိုသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး လက်ရှိ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဆက်လက်စစ်ဆေးနေတယ်လို့ ၎င်းက ဆိုပါတယ်။
ကာနေဘယ် KTV ဟာ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ က ဗိုလ်မှူးတဦးပိုင် KTV ဖြစ်ပြီး အဆိုပါ KTV မှာ စစ်ကောင်စီလက်အောက်တပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့နဲ့ဆက်စပ်တဲ့ စီးပွားရေးသမားတွေ ဝင်ထွက်သွားလာနေတဲ့နေရာဖြစ်ကာ လက်ရှိမှာ KTV ကိုယာယီပိတ်ထားတယ်လို့ သိရပါတယ်။
KTV ကို ပခုက္ကူမြို့နယ်တပ်ရင်း ၁ နဲ့ Badassess Burma Force အဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် စက်မှုဇုန်ရပ်ကွက် ၆ လမ်းရှိ စစ်ကောင်စီဂိတ်မှ လက်နက်ငယ်ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ဧပြီ ၁၀ ရက် ညပိုင်းမှာလည်း ပခုက္ကူဂေါက်ကွင်းကနေ စက်မှုဇုန်ရပ်ကွက်ရှိ၊ အိမ်ဖြူတော် KTV ကို ကားနဲ့လာတဲ့ ကပစ ၂၄ က ဗိုလ်မှူး သော်ဇင်ဦး အဆိုပါရပ်ကွက်အတွင်းမှာပဲ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
စာတည်း – ဟိန်းစံ