အုတ်တွင်း၊ စက်တင်ဘာ ၂၃၊ ၂၀၂၆။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ တိုက်ပွဲနဲ့လက်နက်ကြီးရန်ကြောင့် နေစွန့်ခွာနေရသူ သောင်းချီရှိလာတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
စက်တင်ဘာလ (၁၇) ရက်နေ့က အင်းဝိုင်း၊ ပဲကြီးခုံကျေးရွာတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၂ ရက်နေ့အထိ စစ်တပ်စစ်ကြောင်းတွေက ကျေးရွာတွေဘက်ကို နေ့စဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်ပြီးနောက် နောက်ဆက်တွဲထပ်ဖြစ်တာမရှိသေးဘူး။ လက်နက်ကြီးနဲ့ရမ်းသမ်းထုနေတာ။ နေ့တိုင်းကို နှစ်လုံးသုံးလုံးထုတယ်။ ဒရုန်းတွေနဲ့ဗုံးချတယ်။ ဒီမနက်တော့ လာမထုသေးဘူး။ လက်နက်ကြီး ဒရုန်းဒဏ်မလွတ်တော့ ကျေးရွာတွေကတော်တော်များများရှောင်နေရတယ်။“လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကျေးရွာတွေကို နေ့စဥ် လက်နက်ကြီးဒရုန်းတွေနဲ့ တိုက်ခိုက်နေတာကြောင့် ပြည်သူနဲ့ ရဲဘော်တွေထိခိုက်တာမရှိပေမယ့် နေအိမ်ပျက်စီးမှုတွေများနေပြီး စာရင်းအတိအကျတော့ မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။
စက်တင်ဘာလ (၁၇) ရက်နေ့မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်တွေဘက်က (၄) ဦးဒဏ်ရာရထားသလို စစ်တပ်ဘက်က ထိခိုက်သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်စစ်ကြောင်းတွေဟာ စက်တင်ဘာလ (၂၃) ရက်နေ့အထိ အင်ဝိုင်း၊ ရွှေလောင်း၊ ဘိုကုန်း၊ ကြက်တက်ညောင်ပင်၊ ပဲကြီးခုံရွာတွေမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။


စစ်တပ်စစ်ကြောင်းထိုးကာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်နေလို့ အိမ်ခြေ ၂၀၀ ကနေ ၄၀၀ ကြားရှိတဲ့ အုတ်တွင်းမြို့နယ်ထဲက ကြက်တက်ညောင်ပင်၊ ဘိုကုန်း၊ ရွှေလောင်းရွာသစ်၊ ရွာဟောင်း မရမ်းကုန်း၊ တောင်ငူမြို့နယ်ထဲက ကရင်ရွာကြီး၊ အင်းဝိုင်း၊ ပဲကြီးခုံ၊ မီးတိုင်တော၊ ကမ္မနီရွာတွေအပါအဝင် ကျေးရွာ ၁၅ ရွာကျော်ကပြည်သူ သောင်းချီထွက်ပြေးနေကြရပါတယ်။
ထွက်ပြေးနေရတဲ့ ပြည်သူတွေဟာ အုတ်တွင်း၊ တောင်ငူမြို့ပေါ်တွေကို တိမ်းရှောင်ကြသလို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို တိမ်းရှောင်သူတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၁၅ ရက်နေ့မှာ စစ်တပ်အင်အား ၁၀၀ ကျော်ဟာ ရွှေလောင်းကျေးရွာကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ PDF ရဲဘော် ၅ ဦး၊ ပြည်သူ ၅ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – စိုးဦး