ပအဖထံ ငွေလိမ်သွားလို့ ဖမ်းဆီးစစ်ဆေးနေကြောင်း PDF ပြော
ရွှေဘို၊ ဧပြီ ၃၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တိုက်နယ် ၅ နယ်မြေအတွင်း အခြေပြုလှုပ်ရှားနေတဲ့ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ ဦးကို ချက်ချင်းလွှတ်ပေးဖို့ ရှိ/Shield အမျိုးသမီးအဖွဲ့က ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်တောင်းဆိုပါတယ်။
အဆိုပါအမျိုးသမီး ၂ ဦးဟာ မိတ္ထီလာခရိုင်၊ အမှတ် ၁၈၄၉ ဒရုန်းတပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင် ၃ ဦးရဲ့ မိသားစုဝင်တွေဖြစ်ပြီး ဧပြီ ၁၉ ရက် ည ၉ နာရီခန့်မှာ အထက်ပါ PDF အဖွဲ့က ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
“ ဖမ်းဆီးခံထားရသူတွေက ငွေကြေးလိမ်လည်မှုလို့ စွပ်စွဲပြီးဖမ်းဆီးခံထားရတာဖြစ်တယ်။ အလင်းဝင်မယ့် စစ်တပ်ဘက်ကလူတွေနဲ့ပေါင်းပြီးလိမ်တယ်ဆိုပြီးလို့တော့ သိထားရတယ်။ မိသားစုဝင်တွေ တွေ့ခွင့်မရ ဘာသတင်းမှမကြားရဘူး။ ဖမ်းဆီးခံရချိန်မှာတော့ ရိုက်နှက်ခံရတာမျိုးမရှိဘူး။”လို့ ရှိအဖွဲ့ရဲ့အတွင်းရေးမှူးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေမှာ ဒရုန်းတပ်ရင်းကတပ်ဖွဲ့ဝင် ကိုမှုံကြီး၊ ဇနီးဖြစ်သူ မချိုနှင်း၊ သားအကြီးဖြစ်သူ သူရိန်ဝင်း (ဒရုန်းတပ်ဖွဲ့ဝင်)၊ ချွေးမဖြစ်သူ အိရွှေဇင်၊ သားအငယ်(ဒရုန်းတပ်ဖွဲ့ဝင်) စုစုပေါင်း ၅ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဧပြီ ၂၀ ရက်မှာ ဒရုန်းတပ်ဖွဲ့ဝင် ၃ ဦးကို ၎င်းတို့တပ်ရင်းထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး အမျိုးသမီး ၂ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားစဉ် သိမ်းယူသွားတဲ့ အိမ်ဂရမ်၊ တယ်လီဖုန်း၊ ငွေသား ကျပ်သိန်း ၅၀ ကျော် နဲ့ ရွှေထည်ပစ္စည်းတွေကို ပွင့်လင်းမြင်သာစွာ ပြန်လည်ပေးအပ်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြတောင်းဆိုထားပါတယ်။
အဆိုပါ အမျိုးသမီး ၂ ဦးဟာ ပြီးခဲ့တဲ့မတ်လအတွင်း တိုက်နယ် ၅ နယ်မြေရှိ ကျေးရွာပအဖအဖွဲ့တခုထံက ငွေကျပ် ၈ သိန်းလိမ်လည်မှုမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တာကြောင့် အကျယ်ချုပ်အနေနဲ့ ထိန်းသိမ်းစစ်ဆေးနေတာဖြစ်တယ်လို့ ငါးမည်ရ PDF အဖွဲ့က ပြောပါတယ်။
” စကစဘက်က အလင်းဝင်မယ်ဆိုပြီး ငွေကြေးလိမ်လည်မှုမှာ ကြိုးကိုင်သူတွေဖြစ်လို့ ပကဖ၊ ပအဖနဲ့ ပလဖတို့က ပေါင်းပြီးတော့ ကျနော်တို့က အသိသက်သေအနေနဲ့ပါပြီးတော့ ထိန်းသိမ်းထားတာ။ ထိန်းသိမ်းထားတာကတော့ ပအဖအုပ်ချုပ်ရေးမှူးက ထိန်းသိမ်းထားတာပါ။” လို့ ငါးမည်ရ PDF အဖွဲ့တာဝန်ခံ ကိုဗျက်ဝိက ပြောပါတယ်။
မတ် ၁၄ ရက်မှာ အမည်မသိဖုန်းနံပါတ်တခုမှ တက်တူရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရဲ့သမီးဖြစ်သူနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး တော်လှန်ရေးအင်အားစုတွေထံ ဘက်ပြောင်းခိုလှုံလာမှာဖြစ်လို့ လမ်းစရိတ်အဖြစ် ငွေကျပ် ၂ သိန်း၊ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပလိုင်းရွာခံအမျိုးသား ၁ ဦးကိုပါ တပါတည်းပြန်လည်ခေါ်ဆောင်နိုင်ဖို့အတွက်ဆိုကာ ငွေကျပ် ၆ သိန်း စုစုပေါင်း ကျပ် ၈ သိန်း ကျေးရွာပအဖအဖွဲ့ထံ ဆက်သွယ်တောင်းခံလာခဲ့ရာ တောင်းဆိုမှုအတိုင်း ကျေးရွာပအဖက ငွေလွှဲပေးခဲ့တယ်လို့ ၎င်းကဆိုပါတယ်။

ငွေကျပ် ၈ သိန်းလွှဲပေးခဲ့ပေမယ့် ဘက်ပြောင်းခိုလှုံမယ်ဆိုတဲ့ စစ်ကောင်စီတပ်သားတွေရောက်ရှိမလာတာကြောင့် ငွေလိမ်တောင်းခံသွားသူတွေကို လိုက်လံစုံစမ်းရာ တက်တူရွာနေ ပေါင်ချိန်နဲ့ သဲသဲပို တို့လင်မယား ၂ ဦးကို ၎င်းတို့လက်ကိုင်ဖုန်းမှသက်သေတွေနဲ့အတူ ကနဦးဖမ်းမိခဲ့ပြီးနောက် စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါအမျိုးသမီး ၂ ဦးကို နောက်ဆက်တွဲအဖြစ် ဖမ်းဆီးစစ်ဆေးနေတာလို့ သိရပါတယ်။
” လိမ်လည်ဖို့စီစဥ်ပေးသူ အကြံပေးသူက မိတ္ထီလာခရိုင်ဒရုန်းတပ်ရင်းမှာပါဝင်တဲ့ မိသားစုဖြစ်နေတယ်။ အဲဒါနဲ့ပတ်သက်ပြီး တာဝန်ခံအသီးသီးကို အကြောင်းကြားတယ်။ သူတို့ပါဝင်တယ်မှန်းသိလို့မို့ ကိုယ်ရွာသူရွာသားတွေပဲ တောင်းပန်ရင်ကျေနပ်ပေးရမှာပဲဆိုပြီး ကျနော်တို့က လေသံလွှင့်လိုက်သေးတယ်” လို့ ၎င်းက ပြောပါတယ်။
ဝင်ရောက်ဖမ်းဆီးချိန်မှာလည်း ကိုမှုံကြီးတို့ မိသားစုပိုင်ဆိုင်တဲ့ ဖုန်း၊ အိမ်ဂရမ်၊ ငွေသား၊ ရွှေ ထည်ပစ္စည်းအချို့ကို ရှာဖွေပုံစံနဲ့အသိသက်သေတွေအရှေ့မှာ စာရင်းသွင်းသိမ်းဆည်းထားခဲ့ပြီး အမှုပြီးပြတ်သွားပါက မိသားစုထံ ပြန်လည်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
” သူတို့အိမ်ကိုထိန်းသိမ်းတော့ အိမ်မှာက တယောက်မှမကျန်ခဲ့ဘူးလေ။ ပျောက်သွားရင် ကျနော်တို့ခေါင်းပေါ်လာမှာလေ။ မသမာသူက ဝင်ရောက်ခိုးယူသွားရင် ကျနော်တို့ဂုဏ်သိက္ခာကျဆင်းမှာ” လို့ သူကဆက်ပြောပါတယ်
ရပ်ကျေးပလဖနဲ့ ပအဖအဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး ငွေကြေးလိမ်လည်မှုနဲ့အရေးယူနိုင်ဖို့ အမှုဖွင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပုံစာ – ငါးမည်ရ PDF တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ ဦး။
စာတည်း – ဟိန်းစံ