ညောင်ဦး၊ ဧပြီ ၁၁၊ ၂၀၂၅။
မန္တလေးတိုင်း ညောင်ဦးခရိုင်အခြေစိုက်တဲ့ Popa Guerilla Force(PGF)တပ်ဖွဲ့ ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီ ၉ ရက်နေ့ကပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီကသိရပါတယ်။
စစ်သင်တန်းအပတ်စဥ် ၂ မှာ အမျိုးသမီးသင်တန်းသား ၁၀ ဦးနဲ့ အမျိုးသား သင်တန်းသား ၅၀ ဦးပါဝင်ကာအခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်ကနေ ဧပြီ ၉ ရက်နေ့အထိသင်တန်းပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
သင်တန်းကာလ ၁ လခွဲအတွင်းမှာ တပ်ဖွဲ့ရဲ့ အတွေ့အကြုံရှိတဲ့ရဲဘော်တွေက သင်တန်းပြန်လည်ပို့ချခဲ့တာဖြစ်ပြီး လက်နက်တော့ တပ်ဆင်နိုင်ခြင်းမရှိသေးဘူးလို့လည်း Popa Guerilla Force(PGF)တပ်ဖွဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တ ကပြောပါတယ်။
သင်တန်းဆင်းပွဲကိုတော့ သင်တန်းဆင်းတဲ့နေ့ ဧပြီ ၉ ရက်မှာပဲ မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ပြုလုပ်ခဲ့ကာ သင်တန်းသားတွေကို လက်ဖြောင့်တပ်သားဆု၊ သေနတ်အဖြုတ်အတပ်ကျွမ်းကျင်ဆုနဲ့ ဘက်စုံထူးချွန်ဆုတွေလည်းချီးမြှင့်ခဲ့တယ်လို့ ရဲဘော်ဗျတ္တကဆက်ပြောပါတယ်။
ဒါ့အပြင် သင်တန်းဆင်းပွဲမှာ တပ်ဖွဲ့တာဝန်ရှိသူတွေက အမှာစကားပြောကြားတာ၊သင်တန်းသားတွေက ကတိသစ္စာပြု၊ သစ္စာရေသောက်တာနဲ့ သင်တန်းဆင်းပွဲတက်ရောက်သူတွေကို ကပြဖျော်ဖြေတာတွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
တည်းဖြတ် – HP