မန္တလေး ၊ နိုဝင်ဘာ၂၁၊ ၂၀၂၅။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ဗဟိုဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ တပ်ဖွဲ့ဌာနကြီးမှူး ၂ ဦးကို တန်ဖိုးကြီးတပ်ပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ဖမ်းဆီးထားတယ်လို့ MDY-PDF က ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ MDYPDF တပ်ဖွဲ့မှာ စစ်ရေးဌာနကြီးမှူးတာဝန်ယူထားတဲ့ ကိုမုန်တိုင်းနဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး တာဝန်ယူထားတဲ့ ကိုနိုင်ကြီးတို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးဟာ တပ်ပိုင်တန်ဖိုးကြီးဘဏ္ဍာပစ္စည်းတချို့ကို တရားမဝင်ထုတ်ယူသွားခဲ့ပြီး ပြန်လည်အပ်နှံခြင်းမရှိတာကြောင့် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီဖြစ်စဥ်အတွက်ဩဂုတ်လကပြုလုပ်တဲ့တပ်ဖွဲ့တွင်းအစည်းအဝေးမှာ ၎င်းတို့ကိုယ်တိုင်တက်ရောက်ပြီး တပ်ဖွဲ့ကပေးတဲ့ ပြစ်ဒဏ်ကိုခံယူမှာဖြစ်သလို ပစ္စည်းတွေကိုလည်း ပြန်လည်အပ်နှံမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် ပြန်လည်အပ်နှံတာမရှိလို့ နိုဝင်ဘာ ၁၅ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ဖော်ပြပါတယ်။
လက်ရှိမှာ တပ်ဖွဲ့ဌာနကြီးမှူး ၂ ဦးရဲ့ လက်ရှိတာဝန်တွေအားလုံးကနေ ရပ်ဆိုင်းထားပြီး လက်နက်ဖြုတ်သိမ်းကာ အချုပ်ချအရေးယူထားတယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့ဝင် ၂ ဦးဟာ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်သလို ပြစ်မှုအရ တပ်တွင်းစီရင်ဆုံးဖြတ်ဖို့မသင့်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ – NUGMOD လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ကို အမှုတွဲပေးပို့ထားတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။






