မိတ္ထီလာ၊ ဩဂုတ် ၁၃၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ တပျော်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦးနေအိမ်မှာ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူက အသက် ၆၀ ကျော်အရွယ်ရှိ ဦးရွှေတင်ဆိုသူဖြစ်ပြီး ဩဂုတ် ၁၂ ရက်နေ့လယ် ၂ နာရီခန့်က နေအိမ်မှာရှိနေချိန် လက်နက်ကိုင်လူတစုက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
“သူ့အိမ်မှာဘဲရှင်းခံရတာ။ သူ့ဘက်ကခုခံနိုင်တာမျိုးမရှိဘူးလို့ သိရတယ်။ သူအရင်ကပြောတာတော့ ‘ငါ့သားက ဗိုလ်ကြီး ငါဘယ်မှမကြောက်ဘူး’လို့ပြောဖူးတာရှိတယ်”လို့ ဒေသခံတဦးကပြောပါတယ်။
သေနတ်နဲ့ပစ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးရွှေတင်မှာ ရင်ဘတ်နဲ့ဝမ်းဗိုက်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး ဦးတင်ရွှေဟာ စစ်အာဏာသိမ်းပြီးမှ အုပ်ချုပ်ရေးမှုးဖြစ်လာသူဖြစ်ကာ ရပ်ရွာအပေါ်မှာ ဒုက္ခပေးတာမျိုးမရှိပေမယ့် စစ်ကောင်စီတပ်နဲ့ပေါင်းပြီး သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ သစ်အရောင်းအဝယ်လုပ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ ဦးရွှေတင်ရဲ့သား ၁ ဦးမှာ စစ်ကောင်စီဗိုလ်ကြီးတဦးဖြစ်တယ်လို့ သိထားရပြီး ဘယ်တပ်က ဖြစ်တယ်ဆိုတာတော့မသိရဘူးလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာနဲ့ မိတ္ထီလာမြို့အကြားမှာ မိတ္ထီလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရုံးအုပ် တဦးပစ်သတ်ခံရလို့သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း