ရေတာရှည်၊ ဇူလိုင် ၂၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ ပိန်းအင်းကျေးရွာကနေ စစ်တောင်းမြစ်အတွင်း ရေဆင်းကူးရင်း ၅ ရက်ကြာပျောက်ဆုံးနေတဲ့လူငယ် ပြန်ရှာမတွေ့သေးဘူးလို့ မိသားစုဝင်တွေထံက သိရပါတယ်။
ပျောက်ဆုံးနေသူဟာ အသက် ၁၃ နှစ်အရွယ် G5 ကျောင်းသား မောင်တရုတ်ကြီးဆိုသူဖြစ်ပြီး ဇူလိုင် ၁၇ ရက်နေ့ညနေ ၃ နာရီလောက်မှာ ကျေးရွာအနီး စစ်တောင်းမြစ်အတွင်းမှာ သူငယ်ချင်း ၃ ဦးနဲ့အတူ ရေဆင်းကူးရာမှ ပျောက်ဆုံးနေခဲ့ပြီး ဇူလိုင် ၂၁ ရက်ဒီကနေ့အထိ ပြန်မတွေ့သေးတာလို့ ဆိုပါတယ်။
“သွားတာက သူငယ်ချင်း ၃ ယောက်နဲ့သွားတာ။ ၂ ယောက်ရေဆင်းကူးတာ။ ကောင်လေး ၁ ယောက်က ကူးတတ်တော့ဘာမှမဖြစ်ဘူး။ သူက ပေါ်မလာ ပေါ်မလာနဲ့ဆိုတော့ လာအကြောင်းကြားကြတာ”လို့ မိသားစုဝင်တဦးက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ လူငယ်နဲ့ပတ်သက်ပြီး ရဲစခန်းကို လူပျောက်တိုင်ထားသလို နီးစပ်ရာ လူမှုကူညီရေးအဖွဲ့တွေကိုလည်း အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
စစ်တောင်းမြစ်ရေကလည်း ယခုရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်နားရောက်နေတာကြောင့် မြစ်အတွင်း ရေကြီးရေလျှံတွေဖြစ်နေလို့ လိုက်လံရှာဖွေသူမရှိဖြစ်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
စစ်တောင်းမြစ်ကမ်းနားနေပြည်သူတွေအနေနဲ့ ပျောက်ဆုံးနေသူ တရုတ်ကြီးကိုတွေ့ရှိရပါက မိသားစုတွေဆီ အကြောင်းကြားပေးကြဖို့လည်း လူမှုကွန်ယက်ကနေတဆင့် အကူအညီ တောင်းခံထားပါတယ်။
မေ ၅ ရက်ကလည်း တောင်ငူမြို့နယ်၊ ပွတ်စုကျေးရွာအနီး ခပေါင်းချောင်းအတွင်းမှာ ရေဆင်းကူးတဲ့ လူငယ် ၂ ဦးရေနစ်သေဆုံးသွားသေးတယ်လို့ သိရပါတယ်။
သတင်း – ကျော်ကြီး၊ စာတည်း – လင်း