ဆားလင်းကြီး၊ ဒီဇင်ဘာ ၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး Billboard ထောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာ ၅ ရက်မှာ ဆာလင်းကြီးမြို့နယ်သပိတ်အင်အားစုက သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီရွေးကောက်ပွဲဆန့်ကျင်ရေး Billboard တွေကို ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်တွေမှာ ဆားလင်းကြီးမြို့နယ်အတွင်း အများပြည်သူအသုံးများတဲ့ လမ်းမကြီးတွေဘေးမှာ စိုက်ထူခဲ့ပြီး လှုပ်ရှားမှုမှာ ဆာလင်းကြီးမြို့နယ်သပိတ်အင်အားစုတွေနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ နယ်မြေတာဝန်ခံတွေပါဝင်ကြတယ်လို့ ဆိုပါတယ်။
“အဓိက ရည်ရွယ်ချက်ကတော့ လာမယ့်ဒီဇင်ဘာ ၂၈ ရက်နေနဲ့ ဇန်နဝါရီ ၁၁ ရက်တွေမှာ အပိုင်းလိုက်ကျင်းပမယ့် စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ Billboard ထောင်ပြီး အထူးလှုပ်ရှားမှုလုပ်တာလို့ ပြောချင်ပါတယ်။ ခရီးသွားပြည်သူတွေအများကြီး ဖြတ်သန်းသွားလာနေတဲ့ပြည်သူတွေ သိရှိဖို့ရယ်၊ မြို့ပြလူထုဖြစ်ဖြစ် အွန်လိုင်းက စောင့်ကြည့်တဲ့ ပြည်သူဖြစ်ဖြစ် မြေပြင်မှာသွားလာနေတဲ့ လမ်းသွားလမ်းလာကျေးလက်နေပြည်သူ တော်လှန်ရေးသမားတွေဖြစ်ဖြစ် လူထုလှုပ်ရှားမှုကနေဦးဆောင်ဦးရွက်ပြုတဲ့ Billboard ထောင်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး။ ဒါကြီးကို ထောင်လိုက်ခြင်းအားဖြင့် ပြည်သူတရပ်လုံးသိရှိနိုင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။”လို့ ဆာလင်းကြီးမြို့နယ်သပိတ်အင်အားစုကတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
“သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့”စာတန်းပါ Billboard တွေကို စိုက်ထူခဲ့တာဖြစ်ပြီး အများပြည်သူတွေအနေနဲ့ စစ်ကော်မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်ဆိုတာကို နိုင်ငံရေးအသိ၊ တော်လှန်အသိရသွားစေဖို့မျှော်လင့်တယ်”လို့ သိရပါတယ်။
စစ်ကော်မရှင်ဟာ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကိုဖန်တီးပြီး အရပ်သားအသွင်ပြောင်းလဲကာ စစ်အာဏာရှင်စနစ်အုပ်ချုပ်ရေးတစ်ခု အမြစ်တွယ်စေဖို့၊ စစ်တပ်က တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ရာသက်ပန် ဓားမိုးအုပ်ချုပ်သွားဖို့ဆိုတဲ့ စစ်တပ်ကြီးစိုးတဲ့နိုင်ငံရေးမျိုးကို ပုံဖော်သွားဖို့ ဒီအတုအယောင်ရွေးကောက်ပွဲကို ကျင်းပရန် စိုင်းပြင်းနေခြင်းလည်း ဖြစ်တယ်လို့ သပိတ်ကော်မတီထံက သိရပါတယ်။
တည်းဖြတ် – M























