မကွေး၊ ဩဂုတ် ၃၊ ၂၀၂၆။
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ယင်းသာစည်(န)ကျေးရွာမှာ လယ်ထွန်စက်ပေါ်ကနေ ပြုတ်ကျပြီး ကားဘီးနဲ့နင်းကာ စက်သွားနဲ့ ခုတ်မိလို့ အမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူဟာ အသက် ၄၂ နှစ်အရွယ် ကိုသန်းဝင်အောင်ဖြစ်ပြီး ဩဂုတ်လ ၂ ရက်နေ့မနက် ၆ နာရီခန့်မှာ ကျေးရွာအနီး လယ်ကွင်းမှာ လယ်ထွန်နေစဥ် ပြုတ်ကျပြီး သေဆုံးခဲ့တာလို့ဆိုပါတယ်။

“သူက မောင်းတာမဟုတ်ဘူး။ မောင်းတက တယောက် သူကဘေးက ထိုင်လိုက်တာ။ အိပ်ငိုက်ပြီး ပြုတ်ကျသွားတာ။ စက်ယန္တရားဆိုတော့ ကားတွေလို ချက်ချင်းဘရိတ်အုပ်လို့မရ၊ လည်ပတ်နေချိန်ဆိုတော့ ရပ်မရပဲဖြစ်သွားတာ။ ပြုတ်ကျချိန် အရင်ဆုံးဘီးနဲ့ နင်းမိတယ်။ အနောက်က ဓားသွားစက်နဲ့လည်း ခုတ်မိတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
လယ်ထွန်စက်ကြိတ်မိပြီး ထွန်စက်ဓားသွားတဲ့ခုတ်မိတာကြောင့် ကိုသန်းဝင်းအောင်မှာ ဦးခေါင်းကြေမွကာ ဝမ်းဗိုက်ပွင့်ထွက်ပြီး အဲ့ဒီဒဏ်ရာတွေနဲ့နေရာမှာပဲ သေဆုံးသွားတာလို့ သိရပါတယ်။

သေဆုံးသွားသူရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေကကောက်ယူပြီး မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရကာ လိုအပ်တဲ့စစ်ဆေးမှုပြုလုပ်ပြီး နေ့ချင်းပင် နေအိမ်ပြန်သယ်လာက နာရေးပြုလုပ်ကြရတယ်လို့ သိရပါတယ်။