မြစ်ခြေ၊ စက်တင်ဘာ ၂၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့အနီး စစ်ကော်မရှင်စစ်ကြောင်း ၂ ကြောင်းကို မိုင်းထောင်ရင်း မိုင်းမတော်တဆဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF ၁ ဦးကျဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ကျဆုံးခဲ့သူဟာ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ တပ်ဖွဲ့ဝင် အသက် ၂၀ နှစ်အရွယ် မောင်မောင်ခန့် (ခ) AK မောင်ကြီးဖြစ်ပြီး စက်တင်ဘာ ၁ ရက် ညနေ ၃ နာရီခန့်မှာ မိုင်းထောင်ရင်း ပေါက်ကွဲမှုဖြစ်ကာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။


” မိုင်း Error ဖြစ်သွားတာ၊ ဆေးရုံကိုမရောက်လိုက်ဘူး၊ ဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီး ကျဆုံးသွားတာ။ စစ်ကော်မရှင် စစ်ကြောင်း ၂ ကြောင်းကျွံလာမှာကြောင့် မိုင်းသွားခင်းတာ၊ မတော်တဆ ကပ်တောက်က error ထဖြစ်ပြီး သူအဲ့ဒီနားမှာတင် ပွဲချင်းပြီး(ကျ)သွားတာ” လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန် ကြားရေးတာဝန်ခံ ကိုရှိန်းက မြေလတ်အသံကို ပြောပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင်ရဲ့ ဈာပနအခမ်းအနားကိုတော့ စက်တင်ဘာ ၁ ရက် ယမန်နေ့ ညနေ ၅ နာရီမှာပဲ မြစ်ခြေမြို့တနေရာမှာ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို ရပ်မိရပ်ဖတွေ၊ ပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


” သူတော်လှန်ရေးထဲဝင်တာ မနက်ဖြန်ဆို ၁ နှစ်ပြည့်ပြီ၊ မြစ်ခြေမြို့ကပါပဲ၊ သူ့ရဲ့မိဘတွေကိုတော့ (ကျပ်) သိန်း ၂၀ ထောက်ပံ့ပြီး ခမ်းခမ်းနားနားတော့ လုပ်ပေးခဲ့တယ်၊ စစ်ကြောင်းလည်းရှိတော့ အကျဉ်းချုပ်နဲ့ မြန်မြန်လုပ်ပေးခဲ့တာ၊ အမိန့်ပြန်ပြီး သေနတ်ဖောက်တာပဲလုပ်ခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။
စစ်ကော်မရှင်တပ်နဲ့တိုက်ပွဲတွေအတွင်း ယမန်နေ့ကျဆုံးတပ်ဖွဲ့ဝင်အပါ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ မှ တပ်ဖွဲ့ဝင် ၈ ဦးအထိ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။