သပိတ်ကျင်း၊ ဧပြီ ၁၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၃ ဦး သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံဆီက သိရပါတယ်။
ဧပြီ ၁၈ ရက် ယမန်နေ့ မနက် ၁၀ နာရီကျော်မှာ မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ လိပ်ကျကျေးရွာအလယ်စျေးကို ပေါင် ၃၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လမ်းသွား၊ လမ်းလာတွေ ဗုံးစထိမှန်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။



“ဆိုင်ကယ်စီးနေတဲ့သူတွေပါ ထိတာ။ လမ်းပေါ်မှာ တုံးလုံးပက်လက်ပဲ” လို့ သပိတ်ကျင်းဒေသခံတဦးက ပြောပါတယ်။
လေယာဥ်ဗုံးထိမှန်တာကြောင့် ဒေသခံအမျိုးသား ၈ ဦး ၊ အမျိုးသမီး ၃ ဦး၊ ကလေး ၁ ဦးအပါ ၁၃ ဦး သေဆုံးခဲ့ပြီး ယမန်နေ့ညနေပိုင်းအထိ သပိတ်ကျင်းမြို့နယ်တခုလုံးကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပြင် လက်ရှိအထိ တိုက်ပွဲနဲ့လေကြောင်းအန္တရာယ်တွေကြောင့် သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးဘူးလို့ ပြင်ဦးလွင်ခရိုင်ပကဖက ဆိုပါတယ်။


သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က သပိတ်ကျင်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
ဧပြီ ၁၆ ရက်ကလည်း လိပ်ကျရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုမှာ လူထိခိုက်သေဆုံးမှုမရှိခဲ့ပေမယ့် အဆောက်အဦတချို့ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။