မြေလတ်အသံ၊ ဒီဇင်ဘာ ၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ နိုဝင်ဘာ ၂၆ ရက်နေ့လယ်ပိုင်းမှာ စစ်ကော်မရှင်တပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ကာ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းခဲ့တယ်လို့ ရေတာရှည်အခြေစိုက်၊ တပ်ရင်း ၃၅၀၄မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
နေ့လယ် ၂ နာရီကျော်မှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အင်အား ၄၀ ခန့်ပါစစ်ကား ၃ စီးနဲ့စစ်ကြောင်းထိုးလာချိန် ကွမ်းအုံးရွာနဲ့ ဝမ်းမကြီးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ပြီး ၂ နာရီကြာထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကားတွေက တခွဲကျဲရွာကနေ စပါးရိတ်သိမ်းပြီး လယ်ကြားလမ်းအတိုင်း ကွမ်းအုံးရွာ ဝမ်းမကြီးရွာဘက်ကို မောင်းလာတာ။ အဲ့မှာမိုင်းဆွဲတယ်။ ပြီးတော့ ပွဲဖြစ်တာ။ တိုက်ပွဲက ၂ နာရီလောက်ကြာတယ်” လို့ အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၆ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တာကို မျက်မြင်အတည်ပြုခဲ့တာဖြစ်ကာ တိုက်ပွဲဖြစ်ပြီး နောက် ၁၃ မိုင်ခန့်ကွာဝေးတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ဘက်ကိုဆုတ်ခွာ သွားခဲ့တယ်လို့ သူကဆိုပါတယ်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ တပ်ရင်း ၃၅၀၄ နဲ့ ရေတာရှည်မြို့နယ်ပကဖတို့ဘက်က ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကော်မရှင်တပ်ဘက်မှ အီနာဂါဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ အီကွေးမန့် ၁ ခု၊ MA-11 ကျည်ဘောက် ၁ ခု၊ ဦးထုပ် ၂ လုံး၊ ၅.၅၆ ကျည် ၈၉ တောင့်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက်မနက် ၁၁ နာရီမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)၊ လုံခြုံရေးတပ်ခွဲ (၂) မှ တပ်ကြပ်ကြီး မြင့်လွင်ကို လက်ပစ် ဗုံး ၃ လုံး၊ သက်သေခံကဒ်ပြား၊ ငွေသား ၁,၂၀၀ ကျပ်၊ ဖုန်း ၂လုံး၊ ကား ၁ စီးနဲ့အတူ တခွဲကျဲကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေကဖမ်းဆီးခံခဲ့ရပါတယ်။
ခုလိုဖမ်းဆီးခံရပြီးနောက် ၁ ရက်အကြာမှာပဲ အထက်ပါစစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဖမ်းခံရတဲ့တပ်ကြပ်ကြီးကိုလိုက်ရှာတာဖြစ်နိုင်တယ်လို့ အထက်ပါပြန်ကြားရေးတာဝန်ခံက ခန့်မှန်းပါတယ်။
“သူက(မြင့်လွင်) နှစ်တိုင်းလယ်သမားတွေဆီက သီးစားခလာလာကောက်ပါတယ်။ သတင်းရရှိတာနဲ့ ကင်းပုန်းဝပ်စောင့်ပြီး ဖမ်းဆီးခဲ့တာပါ။ လက်ပစ်ဗုံး ၃ လုံးပဲပါတယ်။ ကားကတော့ တပ်ထဲကကားပါ။ လိုင်စင်မဲ့ပါ။ သူ့ကို မြစ်အနောက်ဘက်ကမ်းအထိတော်လှန်ရေးတွေဘက်က သွားရောက်ဖမ်းဆီးတာပါ”လို့ ရေတာရှည်အခြေစိုက်၊ တပ်ရင်း ၃၅၀၄မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံတပ်ကြပ်ကြီးမြင့်လွင်ကို တပ်ရင်း ၃၅၀၄ မှာ ဥပဒေနဲ့အညီထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၀ ရက်နေ့လယ် ၁ နာရီ ၅၀ မိနစ်ကလည်း ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ အင်အား ၆၀ ကျော်နဲ့ ၁ နှစ်ကျော်ကြာတပ်စွဲထားတဲ့စစ်ကော်မရှင်တပ်ကို နာရီပိုင်းအတွင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတွေဆီက သိရပါတယ်။
စာတည်း – လင်း


