တောင်သာ၊ သြဂုတ် ၁၃၊ ၂၀၂၆။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ဂက်စ်ပိုင်းလိုင်းစောင့် ဒုဗိုလ်တဦးကို ဒီနေ့သြဂုတ် ၁၃ ရက် မနက် ၇ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ပြီး လက်ပစ်ဗုံးတလုံးနဲ့ အခြားပစ္စည်းတချို့ကို သိမ်းယူခဲ့တယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
အမှတ် ၇၈ တပ်(ကြည်း)မှ အသက် ၄၅ နှစ်ဝန်းကျင် ဒုဗိုလ်မောင်သိန်း ဆိုသူဖြစ်ပြီး၊ တဦးတည်း ဆိုင်ကယ်မောင်းလာချိန် တောင်သာမြို့နယ် ဝဲလောင်ရဲစခန်းနဲ့ အေးရွာ Gas ပိုက်လိုင်းကြားမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူက ဝဲလောင်ရဲစခန်းဘက် သွားတာကို ရပ်ခိုင်းပြီး၊ အရှင်ဖမ်းတဲ့အချိန် သူက ဆိုင်ကယ်ကိုထားပြီး လက်ပစ်ဗုံးနဲ့ အရင်ပစ်ပြီး ထွက်ပြေးတာ၊ နောက်တလုံး စနက်တံဖြုတ်နေချိန်မှာ ပစ်လိုက်တာ ခေါင်းပွင့်သွားပြီး ပွဲချင်းပြီး သေသွားတာ။ ဒုဗိုလ်ဆိုတာက သူ့ဖုန်းထဲပါတဲ့ အချက်လက်တွေအရ သိတာပါ” လို့ TTA-PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
မောင်သိန်းဟာ ခရီးသွားကားလေးတွေကို တစီးကို ကျပ်ငါးသောင်း၊ တွဲကားတစီးကို ကျပ်ငါးသိန်း တောင်းယူတယ်လို့လည်း သူကဆက်ပြောပါတယ်။

မောင်သိန်းဆီက လက်ပစ်ဗုံးတလုံး၊ ဖုန်းတလုံး၊ ဆိုင်ကယ်တစီးနဲ့ ငွေသားအချို့ကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဓါတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။
လက်ရှိသတင်းရေးသားချိန်အထိ မောင်သိန်းအလောင်းဟာ အဲဒီနေရာမှာပဲရှိနေသေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်ညနေ ၃ နာရီလောက်ကလည်း ကျောက်ပန်းတောင်းမြို့နယ် အနောက်ခြမ်း ကျားနေရိုင်းကျေးရွာမှာ အထိုင်ချရပ်နားနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို Taung Tha People Defense Force ရဲ့ TTA PDF Drone Team နဲ့ Ahnyar Myay Wings Drone တို့ပေါင်းကာ Drop Boom ၈ လုံးကြဲကာ တိုက်ခိုက်ခဲ့ပါသေးတယ်။
သတင်း – သော်တာအောင်