နတ္တလင်း၊ စက်တင်ဘာ ၆၊ ၂၀၂၅
ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ တောင်ညိုဆည်အနီး ဘုန်းကြီးကျောင်းမှာ ၃ နှစ်နီးပါးတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေ စခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ထံက သိရပါတယ်။
စစ်ကော်မရှင်တပ်သားတွေဟာ အဆိုပါစခန်းကို ၂၀၂၂ ခုနှစ်ကစတင်က အင်အား ၂၀ ကျော်နဲ့ တပ်စွဲထားတာဖြစ်ပြီး စက်တင်ဘာ ၅ ရက် မနက် ၁ နာရီလောက်မှာ စခန်းကိုစွန့်ခွာသွားပြီး ရေလမ်းကနေ ထွက်ပြေးသွားတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ဒုတပ်ရင်းမှူး စောညီညီ က ပြောပါတယ်။
“သူတို့ကို တိုက်မယ်ခိုက်မယ်ဘာညာ အသံကြားလို့ စွန့်ခွာထွက်ပြေးတာဖြစ်မယ်။ သူတို့ရဲ့နောက်ကျောတွေမှာလည်း ကျနော်တို့ ကင်းတွေရှိတယ်။ ပတ်ပြီးတော့ မိုင်းတွေချထားတာလည်း သူတို့သိတယ်။ မနှစ်ကလောက်ကတည်းက သူတို့ကိုဘာမှမလုပ်သေးပေမယ့် ပတ်ပြီးထွက်လမ်းတွေကို မိုင်းထောင်ထားတာ။ အခုလည်း ရေလမ်းကနေပတ်ပြီး ထွက်သွားတာ” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ဒုတပ်ရင်းမှူး စောညီညီက ပြောပါတယ်။
စစ်ကော်မရှင်တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးပြီးနောက် စက်တင်ဘာ ၆ ရက် ဒီနေ့မနက်ပိုင်းမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ဒုတပ်ရင်းမှူး ဦးဆောင်ပြီး ၃၈၀၁ တပ်ခွဲ ၂ ၊ ၄ နဲ့ ၆ တို့က စခန်းအတွင်းဝင်ရောက်ရှင်းလင်းချိန် ကျည်ဆန် ၂၀၀ ကျော်၊ မိုင်း ၂ လုံး၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နဲ့ ဆန်အပါအဝင် ရိက္ခာအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေက စခန်းချခဲ့တဲ့ဘုန်းကြီးကျောင်းနဲ့ ၃ မိုင်ကျော်ကွာဝေးတဲ့ ပျဥ်ပုံ ပျူစောထီးကျေးရွာကို ဆုတ်ခွာသွားပြီး အထိုင်ချထားတယ်လို့ သိရပါတယ်။
တည်းဖြတ် – M