ချောင်းဦး၊ မေ ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာမှာ လေကြောင်းကနေနဲ့ဗုံးကြဲခံရလို့ ရှင်ပြုခါနီးသားအဖ ၂ ဦးအပါ အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေ ၁၀ ရက် ဒီကနေ့မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီး ၁ စီးက ကျေးရွာအတွင်းကို ၁၂၀ မမ ဗုံးသီးအပါ ဗုံး ၃ လုံး ကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။


” လူတွေက တစစီ ဖြစ်သွားတာလေ။ အသားစတွေပဲ ကျန်ခဲ့တယ်။ အိမ်ခြေအပျက်အစီးကတော့ ၅လုံးလောက်ပဲရှိပါတယ်။”လို့ ချောင်းဦးဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
ဗုံးကျရောက်ပေါက်ကွဲလို့ ရှင်ပြုပွဲလုပ်မယ့်မိသားစုဝင်တွေဖြစ်တဲ့ အသက် ၃၀ နှစ်အရွယ် ကိုနန်းကို ၊ ၎င်းရဲ့သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်ဖြိုးကိုသန့်တို့ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ အသက် ၂၈နှစ် အရွယ် မသဲသဲစိုးနဲ့ သမီးဖြစ်သူ မသွန်းသီရိကို အသက် ၅ နှစ်တို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


” မိခင်နဲ့သမီးလေးက ဆေးရုံမှာတင်ထားရတယ်။ သားလေးကို မနက်ဖြန်မှာ ရှင်ပြုတော့မှာလို့ သိရပါတယ် ။ သူတို့က ပိုက်ဆံမတတ်နိုင်လို့ မဏ္ဍပ်ကို မဆောက်တာပါ။ ဘောက်(Sound Box)လည်း မပါပါဘူး။ သင်္ကန်းကပ်ပြီးပဲ ရှင်ပြုမှာပါ။” လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်.
ဒါ့အပြင် ဗုံးစထိမှန်တာကြောင့် နောက်ထပ်ရွာခံ အသက် ၃၀ နှစ် ကိုကျော်ဇင်ထွန်း သေဆုံးခဲ့ပြီး ဦးအောင်ကျော်ဦး အသက် ၅၀ နှစ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၃ ဦး ရှိခဲ့တာပါ။

ဖေဖော်ဝါရီ ၂၅ ရက်မှာလည်း ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၇ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ
