မန္တလေး၊ မေ ၆၊ ၂၀၂၅။
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်က ၈၄ လမ်းရှိ ဂက်စ် (Gas)အရောင်းဆိုင်မှာ မီးလောင်ပြီး လူ ၄ ဦးထိခိုက်ကာ အဲ့ဒီထဲက ၂ ဦးအသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
မေ ၅ ရက် မနက် ၁၁ နာရီခန့်မှာ ဆိုင်ဝန်ထမ်းတွေက ဂက်စ်အိုးအကြီးကနေ အိုးအသေးဆီ ဂက်စ် ဖြည့်ရာကနေ မီးစလောင်ခဲ့တာလို့ ဆိုပါတယ်။
“စလောင်တဲ့ ဆိုင်ကိုက ဂက်စ်အိုးအရောင်းဆိုင်။ တမ္မဝတီရပ်ကွက်ဆိုတာက ကြေးသွန်းလုပ်ငန်းတွေ များတာကိုး။ စဖြစ်ကတည်းက ဂက်စ် အိုးတွေပေါက်ကွဲပြီးလောင်တာကိုး။ ကျနော်တို့ရောက်တဲ့အချိန် နှစ်လုံးလောက်က အုန်းအုန်းဆိုပြီး ပွင့်ထွက်ပြီးပြီ။ “လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတဦးကပြောပါတယ်။
ဆိုင်ဝန်ထမ်းတွေဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်မိုးလွင်နဲ့ ၂၈ နှစ်အရွယ် ကိုခန့်ကိုကိုနိုင်တို့မှာ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်နဲ့ တင်ပါးတို့မီးလောင်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်အဲ့ဒီဆိုင်နဲ့ကပ်လျက် ထမင်းဆိုင်က အသက် ၄၁ နှစ်အရွယ် ဒေါ်နှင်းဝေဝေလွင်မှာ ခြေနဲ့လက် မီးဟပ်ဒဏ်ရာရပြီး သံလျှက်မှော်တောင်အရန်မီးသတ်က မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး မျက်နှာမီးဟပ်ခံရတဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ဂက်စ် အရောင်းဆိုင်နဲ့ နှစ်ထပ်နေအိမ် ၁ လုံးလည်းမီးလောင်ပျက်စီးခဲ့ရပြီး မီးလောင်မှုကြောင့်ဒဏ်ရာရသူတွေကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရကာ ဆေးကုသမှုခံရယူနေရတယ်လို့ သိရပါတယ်။
မီးလောင်ချိန် ချမ်းမြသာစည်မြို့နယ် မီးသတ်၊ အရန်မီးသတ်၊ ဒေသလူမှုကူညီရေး အသင်းတွေနဲ့ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့လို့ မီးလောင်ပြီး မိနစ် ၄၀ ခန့်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မေ ၂ ရက်ကလည်း ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်းနဲ့ ၆၆ လမ်းထောင့်က စက်သုံးဆီအရောင်းဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်မီးလောင်ပျက်စီးကာ လူထိခိုက်တာတော့မရှိဘူးလို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – HP