ငဖဲ၊ စက်တင်ဘာ ၁၈၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့အခြေစိုက် အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄) ကထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦး မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းဆီကို ဘက်ပြောင်းခိုလှုံလာတယ်လို့ တပ်ရင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။
အဆိုပါစစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးဟာ စက်တင်ဘာ ၄ ရက် ကပစ ၁၄ ကထွက်ပြေးလာချိန် ငဖဲမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီး ဘက်ပြောင်းလိုက်ပါလာခဲ့တာလို့ ဆိုပါတယ်။



“သူတို့အလင်းဝင်လာတဲ့အကြောင်းကတော့ သူတို့က ပေါ်တာအဆွဲခံရတာ၊ စစ်တိုက်တာ၊ သေနက်ကိုင်တာတွေ သိလည်းမသိခဲ့ဘူး၊ သူတို့ကအချိန်ပြည့်ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူတွေပါ၊ သူတို့ရဲ့ စိတ်ထဲမပါတဲ့ အလုပ်မဟုတ်လို့ ထွက်ပြေးလာကြတာ”လို့ မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
ဘက်ပြောင်းလာသူ ၄ ဦးဟာ အသက် ၂၅ နှစ်အရွယ် ချင်းပြည်နယ်က ၁ ဦး၊ စစ်ကိုင်းက ၂ ဦးနဲ့ နေပြည်တော်က ၁ ဦး တို့ဖြစ်ပြီး အခုနှစ်ဧပြီလ သက်ဆိုင်ရာမြို့နယ်တွေကနေ ပေါ်တာဆွဲဖမ်းဆီးပြီးနောက် မိတ္ထီလာဘက်ကစစ်သင်တန်းကျောင်းတခုမှာ စစ်မှုထမ်းအပတ်စဥ် ၁၄ တက်ပြီးနောက် အဲ့ဒီကနေမှ ကပစ ၁၄ ကိုပို့ဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ၄ ဦးစလုံးကို တပ်ရင်းကစောင့်ရှောက်ထားပြီး မိသားစုဝင်တွေနဲ့လည်း ပြန်တွေ့ဆုံချင်ကြတာကြောင့် ပြန်တွေ့နိုင်ဖို့ ပြင်ဆင်နေတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။
မင်းဘူးမြို့နယ်အခြေစိုက် မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းဆီကို အထက်ပါ ၄ ဦးအပါအဝင် ဘက်ပြောင်းခိုလှုံလာသူ စစ်ကော်မရှင်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးကျော်ရှိပြီလို့ သိရပါတယ်။
စာတည်း – လင်း