မြေလတ်အသံ၊ ဧပြီ ၅၊ ၂၀၂၅။
မန္တလေး
ညောင်ဦးမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၈ ခုခွဲထိုးနေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရပြီး ဖမ်းဆီးခံရသူတွေလည်းရှိ
ညောင်ဦး၊ ဧပြီ ၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်မှာ စစ်ကောင်စီအင်အား ၆၀၀ ကျော်နဲ့စစ်ကြောင်းထိုးနေလို့ ဒေသခံ ၂၀,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။
မတ် ၃၁ ရက်ကစတင်ကာ ဒီကနေ့ ဧပြီ ၂ ရက်အထိ ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာ ၂၆ ရွာကို စစ်ကြောင်း ၈ ကြောင်းခွဲကာ အင်အားအလုံးအရင်းနဲ့ လှည့်ပတ်စစ်ကြောင်း ထိုးနေတာလို့ ဆိုပါတယ်။
” ဒီနေ့ထိ စစ်ကြောင်းထိုးနေတုန်း။ တိုက်ပွဲဖြစ်တာတော့မရှိသေးဘူး။ မိုင်းကွဲသံတွေတော့ ကြားရတာရှိတယ်။ သူတို့စစ်ကြောင်းကများတော့ တော်လှန်ရေးအဖွဲ့တွေ အကုန်နောက် ဆုတ်နေရတယ်။ စစ်ကြောင်းက ၈ ကြောင်းတောင်ပတ်ထိုးနေတော့ ဘယ်သူမှဝင်မတိုက် နိုင်ကြဘူး။ မိုင်းတွေလောက်ဘဲ ခွဲနိုင်ကြတယ်”လို့ ညောင်ဦးမြို့နယ်အခြေပြု ဒေသကာ ကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေကြောင့် ညောင်ဦးနဲ့ချောက်မြို့နယ်အကြားက ကျေးရွာတွေဖြစ် တဲ့ အနောက်အုံ၊ ချောင်းရှည်၊ ဇီးစမြင်မြောက်၊ ဇီးစမြင် အလယ်၊ ဇီးစမြင်တော၊ ကျောက် ပြင်ကန်၊ ယာတောကြီး၊ သချင်ကန်၊ စကား၊ မြောင်၊ ရွှေသဖြူ၊ ကန်သာ၊ လည်ကန်၊ မီးလောင်ဖျား( မြောက်)၊ မီးလောင်ဖျား(တောင်)၊ ကြအိုကျွန်း၊ ရွာသစ်၊ ဥယျာဥ်၊ ကျွန်းချောင်း၊ ကံစပ်တော၊ သပွတ်စုအပါအဝင် ကျေးရွာ ၂၆ ရွာက ဒေသခံ ၂၀,၀၀၀ ကျော်ဟာ ကျေးရွာတွေအနီးက တောစပ်၊ ယာခင်းတွေနဲ့ ဆွေမျိုးတွေရှိရာ အခြားမြို့ရွာတွေမှာ သွားရောက်ရှောင်တိမ်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ချောင်းရှည်ရွာ ၊ ဇီးတမြင်ရွာ၊ ကန်သာရွာတွေအပါ စစ်ကြောင်းထိုး ဝင်ရောက်ရာ လမ်းကြောင်းတလျှောက်ကျေးရွာတွေက ဒေသခံ အမျိုးသား၊ အမျိုးသမီး ၇၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူတွေလည်းရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
၎င်းစစ်ကြောင်းတွေဟာ မတ် ၂၀ ရက်ကစတင်ကာ ကြအို၊ မြေသန့်တောင်၊ တက်မရေနံ မှော်၊ မုန်တိုင်း၊ ပြင်းချောင်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သေးပြီး မတ် ၃၀ ရက်မှာ မြေသန့်တောင်ကျေးရွာအနီးဝင်ရောက်ချိန် ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထိခိုက်ပြီး ကား ၁ စီး ပျက်စီးခဲ့ပါသေးတယ်။
စစ်ကောင်စီအဖွဲ့တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စဥ် မတ် ၃၁ ရက်မှာ အရှေ့ကျောက်ပြင်ကန်ကျေးရွာက နေအိမ် ၂ လုံးမီးရှို့ခံရပြီး ကြက်၊ ဘဲ၊ ဝက်တွေအပါအဝင် စားသောက်ကုန်တွေနဲ့ တန်ဖိုးရှိပစ္စည်းအချို့တွေယူဆောငိတာတော့ရှိတယ်လို့ သိရပါတယ်။
ဧပြီ ၂ ရက် ဒီကနေ့အထိ အဆိုပါ စစ်ကြောင်းတွေဟာ မြေသန့်တောင်၊ ကြအို၊ မုန်တိုင်၊ ကျောက်ပြင်ကန်၊ ကဒိုင်း၊ စက၊ ဇီးတမြင်ရွာတွေမှာ ဆက်လက်တပ်စွဲနေထိုင်နေပြီး စစ် ကြောင်းထိုးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – ဒီပဲယင်းမြို့နယ်က ကျေးရွာတွေ ၂၀၂၂ အတွင်း စစ်ကြောင်းထိုးခံရလို့ ဒေသခံတွေထွက်ပြေးရစဥ် ( ဓာတ်ပုံ – ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး)။
သတင်း – ကျော်ကြီး၊ စာတည်း – ဟိန်းစံ
အိုးဘို၊ ဧပြီ ၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ အိုးဘိုအကျဥ်းထောင်မှာ ငလျင်လှုပ်ခတ်မှုကြောင့် အဆောင် ၃ ခုပြိုကျပျက်စီးပြီး သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ ဧပြီ ၁ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် ထောင်တွင်းရှိ အမျိုးသားဆောင်အလုပ်ရုံရဲ့ အဆောင်တွေကြားမှာကာရံထားတဲ့ အုတ်ရိုးတွေပြိုကျလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်ထန်ရကာ အမျိုးသမီး အဆောင် ၁ နဲ့ အဆောင် ၂ ပြိုကျမှုကြောင့် အမျိုးသမီး အနည်းဆုံး ၂ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါ ၃ ဦးအပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးတယ်လို့ သိရှိထားပြီး ၁ ဦးကတော့ အမျိုးသားလား၊ အမျိုးသမီးလားဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
“လက်ရှိအကျဥ်းထောင်ရဲ့သေဆုံးမှုအခြေအနေကို စကစကလည်းစနစ်တကျနဲ့ တရားဝင် ထုတ်ပြန်ထားတာမတွေ့ရတဲ့အတွက် ကျနော်တို့အနေနဲ့ပြောရတဲ့အရေအတွက်က အင်မတန် ခက်ခဲတယ်။ ကျနော်တို့အတည်ပြုနိုင်တဲ့ အထဲမှာ ကျား ၁ ဦး၊ မ ၂ ဦးသေဆုံးမှုထဲမှာပါဝင်ခဲ့တယ်”လို့ PPNM ရဲ့ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦး ကပြောပါတယ်။
လက်ရှိအတည်ပြုထားတဲ့ သေဆုံးသူ ၄ ဦးမှာ အဆောင်ပြိုကျပြီးမှ ထိခိုက်ဒဏ်ရာရကာ သေဆုံးခဲ့တာဖြစ်ပြီး သူတို့တွေဟာ အကျဥ်းသားလား ထောင်ဝန်ထမ်းတွေလားဆိုတာကိုတော့ သီးခြားခွဲယူကောက်ခံနိုင်တာ မရှိသေးဘူးလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အကျဥ်းထောင်အတွင်းက သေဆုံး၊ ဒဏ်ရာရရှိတဲ့စာရင်းကို တရားဝင်မထုတ်ပြန်တာဟာ သေဆုံးသူအရေအတွက်ကို လျော့ချဖို့ကြိုးစားနေတာဖြစ်သလို အထူးသဖြင့် အကျဥ်းထောင် အဆောက်အဦတွေရဲ့ မခိုင်ခံ့မှု၊ လိုအပ်ချက်မှု၊ အားနည်းမှုတွေကို ပေါ်လွင်စေမယ့် ထုတ်ပြန်ချက်မျိုးကို မဖြစ်စေအောင် ချန်လှပ်ထားဖြစ်တယ်လို့ ကိုသိုက်ထွန်းဦး က သုံးသပ်ပါတယ်။
ဒါ့အပြင် ငလျင်လှုပ်ခတ်ချိန်အတွင်း နောက်ထပ်သေဆုံးသူ ၈ ဦးရှိတယ်လို့လည်းကနဦးသိထားပေမယ့် ဒီအခြေအနေကိုတော့ ဆက်လက်အတည်ပြုနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မတ် ၃၁ ညနေပိုင်း စာရင်းတွေအရ နိုင်ငံတဝန်း သေဆုံးသူ ၂,၀၅၆ ဦးရှိလာပြီး ဒဏ်ရာရသူ ၃,၉၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၂၇၀ ကျော်ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စာတည်း – လင်း
အမရပူရ၊ ဧပြီ ၁၊ ၂၀၂၅။
ငလျင်ဒဏ်ကြောင့် အစ္စလာမ်ဘာသာဝင် ၂၀၀ နီးပါးသေဆုံးခဲ့တဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ အကူအညီတွေလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေဆီက သိရပါတယ်။
မတ် ၃၁ ရက်ထိ ငလျင်ငယ်တွေဆက်တိုက်လှုပ်ခတ်နေတဲ့အတွက် ဧပြီ ၁ ရက်ဒီနေ့အထိ ဒေသခံတွေဟာ ကျေးရွာဘောလုံးကွင်းနဲ့ လယ်ကွင်းတွေထဲမှာနေထိုင်နေကြရပြီး ရေသန့်နဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“ကယ်ဆယ်ရေးစခန်းဆိုတာကလည်း ကျေးရွာဘောလုံးကွင်းနဲ့လယ်တွေထဲမှာနေတာ။ ယနေ့ထိ ကယ်ဆယ်ရေးကတော့ ဌာနဆိုင်ရာဘက်က လာတာမရှိသေးဘူး။ မိတ်ဖက်ပရဟိတတွေလောက်တော့ လာတာရှိတယ်”လို့ ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ရွာခံတဦးကပြောပါတယ်။
ကျေးရွာအတွင်းအပျက်အစီးတွေကို ရွာခံတွေက စက်ယန္တရားတွေဌားရမ်းကာ ကိုယ်ထူကိုယ်ထရှင်းလင်းနေပြီး အပြီးတိုင်မရှင်းလင်းနိုင်သေးတာကြောင့် ကယ်ဆယ်ရေးတွေလည်း လိုအပ်နေသေးတာလို့ ဆိုပါတယ်။

မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဘုံးအိုးကျေးရွာထဲက ယက္ကန်းတော်ဗလီ၊ သံပုရာခြံ အလယ်ဗလီ၊ ဘုံးအိုး အလယ်ဗလီ ၃ လုံးပြိုကျခဲ့ပြီး ဗလီပြိုကျချိန်ဝတ်ပြုဖို့ရောက်နေတဲ့သူတွေနဲ့ လာရောက်ကယ်ဆယ်ရေးလုပ်ပေးသူတွေသေဆုံးခဲ့ပါတယ်။


မတ် ၃၁ ရက်အထိ ကျေးရွာအစ္စလာမ်အဖွဲ့အစည်းတွေကောက်ယူထားတဲ့စာရင်းအရ သေဆုံးသူ ၁၈၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
အိမ်ခြေ ၃,၀၀၀ ကျော်နဲ့ လူဦးရေ ၁ သောင်းကျော်ရှိတဲ့ ဘုံးအိုးကျေးရွာဟာ အစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။


ရွာထဲမှာရှိတဲ့ဗလီ ၅ လုံးထဲက အထက်ပါဗလီ ၃ ခုကတော့ အားလုံးပြိုကျပျက်စီးပြီး ၂ လုံးကတော့ ထိခိုက်ပျက်စီးမှုနည်းကာ အာရဗီတက္ကသိုလ် ၁ ခု၊ နေအိမ် ၂၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ကျေးရွာဒေသခံက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကိုတော့ အမရပူရဆေးရုံနဲ့ မန္တလေးဆေးရုံမှာကုသခွင့်မရလို့ ပြင်ဦးလွင် စစ်ဆေးရုံမှာ ဆေးကုသနေပြီး သေဆုံးသူတွေကိုတော့ကျေးရွာမှာ သင်္ဂြုဟ်ထားတယ်လို့ သိရပါတယ်။
စာတည်း – လင်း
ဟိုတယ်အဆောက်အဦပျက်ထဲက မိခင်နဲ့ကလေးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)
မြေလတ်အသံ၊ မတ် ၃၀၊ ၂၀၂၅။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄x၂၉ လမ်းထောင့်ရှိ ဘီကျင်းဟိုတယ် ငလျင်ကြောင့် အဆောက်အအုံပြိုကျပျက်စီးမှုအတွင်း ရှာဖွေကယ်ဆယ်ရေးပြုလုပ်စဉ် မိခင်နဲ့ကလေးငယ် ၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မြေလတ်အသံ
မန္တလေး #ဘီကျင်းဟိုတယ် #မီးသတ်တပ်ဖွဲ့ #ငလျင် #ကယ်ဆယ်ရေး
ရစ်ချာစကေး ၇.၇ရှိ ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းနဲ့ မန္တလေးမြို့ရိုးအပါ အဆောက်အဦတချို့ပြိုကျ (ရုပ်/သံ)
မြေလတ်အသံ၊ မတ် ၂၈၊ ၂၀၂၅။
မတ် ၂၈ ရက် ဒီနေ့မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခန့်က စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်အပါ မြန်မာနိုင်ငံတဝန်းက မြို့အများစုမှာ အင်းအားပြင်းငလျင်လှုပ်ခဲ့ပါတယ်။
ခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ပြင်းအားဟာ အင်အားရစ်ချာစကေး ၇.၇ ရှိတယ်လို့ United States Geological Survey မှာ ဖော်ပြပါတယ်။
မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ခံတဦးကတော့ “ဆင်ဖြူကျွန်းမှာလဲလှုပ်သွားတာ၊ တော်တော်လှုပ်သွားတယ်။ ၅ မိနစ်လောက်လှုပ်သွားတာ။ ဆိုင်ကယ်စီးနေတုန်းကြီးလဲသွားတာ” ငလျင်လှုပ်ခတ်ချိန်အတွင်း ကြုံခဲ့ရတဲ့ အခြေအနေကို ပြောပါတယ်။
အဲ့ဒီငလျင်ဟာ ၄ မိနစ်ခန့်လှုပ်ခဲ့ပြီး စစ်ကိုင်းတံတားဟောင်း၊ မန္တလေးမြို့ရိုး၊ သာသနိကအဆောက်အအုံတချို့နဲ့ လူနေအထပ်မြင့်တိုက်တွေ၊ အထပ်မြင့်ဟိုတယ်တွေနဲ့လမ်းတွေပျက်စီးခဲ့ပါတယ်။
“ငလျင်လှုပ်တာ မန္တလေးတော်တော်ဆိုးတယ်၊ ကျနော်တို့တောင် ကွင်းပြင်ထဲရောက်နေလို့၊ ရဲမြန်မာဟိုတယ်ဆို လုံးဝစောင်းသွားတာ ပြိုကျဖို့နည်းနည်းပဲ လိုတော့တယ်၊ ကယ်ဆယ်ရေးတွေတော့ လုပ်နေကြတယ်” မဟာအောင်မြေမြို့နယ် နေထိုင်တဲ့ အမျိုးသားတဦးက ပြောပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်းထိခိုက်သေဆုံးမှုအများဆုံးရှိနိုင်ပြီး အသေးစိတ်အခြေနေကိုတော့ မြေလတ်အသံကစုံစမ်းနေဆဲဖြစ်ပါတယ်။
အဆိုပါအင်အားပြင်းငလျင်ဟာ မြန်မာနိုင်ငံအပြင် အိမ်နီချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်းလှုပ်ခတ်ခဲ့ပြီး ချင်းမိုင်၊ ဘန်ကောက်မြို့တွေကအထပ်မြင့်တိုက်တွေ၊ ဆောက်လုပ်လက်စ အထပ်မြင့်အဆောက်အဦတွေ ပြိုကျကာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။
သတင်း – မင်းခန့်၊တည်းဖြတ် – HP
■ တော်လှန်ရေးတပ်တွေပြန်ဆုတ်ချိန် ထားခဲ့တဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီဘက်ကသိမ်းယူ
မြင်းခြံ၊ မတ် ၂၅၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောင်ရှေ့ကျေးရွာ မြင်းခြံ-တောင်သာကားလမ်းပေါ်ရှိ နန်းမြင့်တောင်တိုးဂိတ်အနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ ၂ ဦးဒဏ်ရာတယ်လို့ မြင်းခြံမြို့နယ် ပကဖ တိုက်နယ် ၂ ဗိုလ်စွန်ရဲအဖွဲ့ဆီက သိရပါတယ်။
မတ် ၂၄ ရက်မနက် ၆ နာရီကျော်ခန့်မှာ နန်းမြင့်တိုးဂိတ်မှာ စစ်ဆေးရေးလုပ်ဖို့ရောက်လာတဲ့ ဗိုလ်စွန်ရဲအဖွဲ့ကို ကင်းပုန်းဝပ်နေတဲ့အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီအဖွဲ့တွေက စတင်ပစ်ခတ်ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။
“တော်လှန်ရေးအဖွဲ့ကို သူတို့(စကစ)တွေက ကင်းပုန်းဝပ်ပြီးစောင့်နေတာ။ ကျနော်တို့လည်းရောက် သူတို့လည်းပစ်ကော။ ကျနော်တို့ပြန်တက်ပြီး ချေမှုန်းတော့ အာပီဂျီနဲ့ထုလိုက်တာ သူတို့ဘက်က နှစ်ယောက်လောက်ထိပြီး တယောက်ကျသွားတယ်။”လို့ မြင်းခြံမြို့နယ် ပကဖ တိုက်နယ် ၂ တာဝန်ခံ ဗိုလ်စွန်ရဲကပြောပါတယ်။
ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပြီးနောက် အင်အားမမျှတဲ့အတွက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေ ပြန်ဆုတ်ခွာလာခဲ့ပြီး စီးလာတဲ့ ကား ၁ စီး၊ ဆိုင်ကယ် ၂ စီးကိုတော့ ပြန်ယူဖို့အဆင်မပြေတော့တာကြောင့် ထားခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ ထိခိုက်သေဆုံးသူတွေကို နာရေးကားနဲ့လာတင်သွားကာ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကား ၁ စီးနဲ့ ဆိုင်ကယ် ၂ စီးသိမ်းဆည်းမိတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပျူစောထီးအင်အား နောက်ထပ် ၁၀၀ ကျော်ရောက်ရှိလာပြီး စုစုပေါင်းအင်အား ၂၀၀ ခန့်နဲ့ အဆိုပါ နေရာတဝိုက်မှာ အင်အားဖြန့်ကျက်ထားပြီး နေရာယူထားတယ်လို့ မြင်းခြံမြို့နယ် ပကဖ တိုက်နယ် ၂ တာဝန်ခံ ဗိုလ်စွန်ရဲကပြောပါတယ်။
ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းကလည်း မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မြင်းခြံပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့ပါသေးတယ်။
ပုံစာ – စစ်ကောင်စီအဖွဲ့တွေသိမ်းထားသည့် ကာကွယ်ရေးအဖွဲ့ဝင်တွေကျန်ရစ်ခဲ့တဲ့ ကားနဲ့ဆိုင်ကယ်။
စာတည်း – လင်း
အင်းဝဘဏ်အနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အနီးကပ်ဝင်တိုက်ခိုက်ခံရ ၄ ဦးသေဆုံး
မြင်းခြံ၊ မတ် ၂၃၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန် အင်းဝဘဏ်အနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနီးကပ်ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံဆီက သိရပါတယ်။
မြို့သာစက်မှုဇုန်၊ အင်းဝဘဏ်အနီး အင်အား ၄၀ ဝန်းကျင်နဲ့တပ်စွဲထားပြီး ဘဏ်နဲ့မီတာ ၃၀၀ ခန့်အကွာ လမ်းမပေါ်တက်ကာ ပြည်သူတွေကိုပေါ်တာဆွဲ၊ ဆက်ကြေးကောက်နေတဲ့ ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ် ၂၁ ရက် နေ့လယ် ၉ နာရီ ၄၅ မိနစ်မှာတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပေ ၃၀၀ ခန့်အကွာကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“နေ့တိုင်းလိုလိုလုပ်နေတော့လေ၊ အဲ့ဒါ သတင်းရတာနဲ့သွားပစ်တာ။ ၅ မိနစ်လောက်ကြာတယ်။ ခန့်မှန်းခြေ ပေ ၃၀၀ လောက်ပဲဝေးတယ်။ ၁၅ ကောင်လောက် ဒီဘက်ကိုထွက်လာတာ၊ ထွက်ပြီးတော့ သူတို့ လာတဲ့သူတွေကို စစ်(ဆေး)တယ် တားတယ်၊ ပိုက်ဆံတောင်းတာတွေ လုပ်တယ်။ အဲ့ဒါကို သူတို့အလစ်အငိုက်မှာ အမှတ်မထင်ဝင်ပစ်တာ။ ၅ ကောင်မှာ ၁ ကောင်က အပြင်းအထန်ဒဏ်ရာရတယ်။ ၄ ကောင်ကတော့သေတယ်။” လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ တာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါလာခဲ့ကာ တိုက်ပွဲဖြစ်ပွါးပြီးချိန် စစ်ကောင်စီတပ်ဘက်က အနီးဝန်းကျင်နေရာတွေကို စစ်ကြောင်းထိုးတာတွေရှိပြီး ကင်းပုန်းချထားတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံ၊ ငါန်းဇွန်မြို့နယ် တပ်ရင်း ၆ တပ်ခွဲ ၃၊ ငါန်းဇွန်းမြို့နယ် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
စာတည်း – ကိုချမ်း
မြေလတ်အသံ၊ မတ် ၁၈၊ ၂၀၂၅။
မြေလတ်ဒေသတွင်းက ပြည်သူတွေရဲ့စကားသံတွေကို ကိုယ်စားပြုဖတ်ကြားပေးမယ့် ပေးစာအစီအစဉ် ဖြစ်ပါတယ်။
- ပေါက်ခေါင်း-တောင်ငူကားလမ်းပိုင်းတလျှောက် သစ်ခိုးထုတ်မှုတွေများပြားနေ။
- မိုင်းရယ်ပညာရေးဌာနမြို့နယ်မှူးနဲ့စာရေးပေါင်းပြီး ဆရာ၊ ဆရာမတွေအပေါ် ငွေကြေးကောက်ခံနေ။
- ညောင်ဦးမြို့က ကျေးရွာတွေမှာ ပြည်သူပိုင်ပစ္စည်းတွေကို ယူနေတဲ့ စစ်ကောင်စီတပ်။
မြေလတ်ပေးစာအစီအစဉ်မှာ စာတွေပေးပို့ချင်ရင်တော့ မြေလတ်အသံရဲ့ Facebook Messenger နဲ့ Telegram – @MLATpaysar မှာ ရေးသားပေးပို့နိုင်ပါတယ်။