စစ်ကိုင်း၊ မတ် ၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်တဲ့ လက်နက်ကြီးကျည်ထိပြီး အမျိုးသား ၃ ဦးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
မတ် ၃ ရက်မနက် ၆ နာရီကျော်မှာ တဲကြီးကျေးရွာ၊ ငါးထပ်ကြီးဘုရားထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညောင်ကုန်းကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ၁ လုံးက ဒေသခံနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
“လက်နက်ကြီးက ရမ်းထုတာပါ။ ငါးထပ်ကြီးထဲက ၈၁ တွေနဲ့ပစ်တာ။ ထိတာက ၃ ယောက်။ ရဲဘော် ၁ ယောက်ပါတယ်။ ပြည်သူ ၂ ဦးပါတယ်။ “လို့ ဒေသကာကွယ်ရေးရဲဘော်တဦးကပြောပါတယ်။
လက်နက်ကြီးထိမှန်လို့ အသက် ၇၄ နှစ်အရွယ် အမျိုးသားရဲ့မျက်နှာနဲ့ ၃၉ နှစ် အရွယ်အမျိုးသားရဲ့ပေါင်မှာ အစထိမှန်ဒဏ်ရာရပြီး အသက် ၂၀ ကျော်ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးလည်းထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ် ၁ လုံးလည်းပျက်စီးခဲ့ပါတယ်။
ဒဏ်ရာရသူတွေကတော့ သက်သာတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။
ညောင်ကုန်းကျေးရွာမှာအိမ်ခြေ ၄၀၀ ကျော် ဒေသခံ ၂၀၀၀ ခန့်ရှိပြီး လက်ရှိမှာ ဒေသခံထက်ဝက်နီးပါးဟာဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန် ၈ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ကျေးရွာအုပ်စု၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းမှာ တော်လှန်ရေးအဖွဲ့တွေအစည်းဝေးလုပ်နေချိန် ဗုံးကြဲခံရလို့ သံဃာ ၂ ပါး အပါအဝင် သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရသူ ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။
စာတည်း – လင်း