လက်နက်ကြီးထိတဲ့ PDF ၁ ဦးအပါ ၂ ဦး တိုက်ပွဲကျသေဆုံး
ရွှေဘို၊ အောက်တိုဘာ ၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တာဂဏန်းကျေးရွာအနီး စစ်ကော်မရှင်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်သုံ့ပန်း ၄ ဦးဖမ်းမိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖထံက သိရပါတယ်။
အောက်တိုဘာ ၂ ရက် မနက် ၆ နာရီကျော်မှာ ရွှေဘိုမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်နဲ့ပျူစောထီးပူးပေါင်းတပ်ဖွဲ့ တာဂဏန်းရွာအနီးအရောက် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
” မနက်ခင်းက တမနက်ခင်းလုံးဖြစ်တာ။ နေ့ခင်းပိုင်းကျတော့ ပြောက်ကျား သူကပစ်လိုက်၊ ကိုယ်ဘက်ကပစ်လိုက်ဖြစ်ရင်းနဲ့ညနေကျတော့ သူတို့ပြန်ဆုတ်သွားတယ်။ ရှင်းလင်းရေးဝင်တော့ သုံ့ပန်းတွေမိတာ။ ရဲဘော်တယောက်ဆို စကစ သေတဲ့အလောင်းကိုတက်ယူတာ လက်နက်ကြီးခေါင်းထိပြီး ဆုံးတာ” လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနဲ့ လက်နက်တချို့သိမ်းဆည်းရမိထားကာ အသေးစိတ်ကိုတော့ သတင်းထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း တာဂဏန်းကျေးရွာပကဖအဖွဲ့ဝင် ၁ ဦး၊ ဝက်လက်မြို့နယ်ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးတိုက်ပွဲကျသေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတာကြောင့် တာဂဏန်း၊ ရှားတော၊ ဇီးတောကျေးရွာတွေနဲ့ အနီးတဝိုက်ကျေးရွာတွေက ဒေသခံလူဦးရေ ၃,၀၀၀ ခန့်ထွက်ပြေးခဲ့ရပြီး အောက်တိုဘာ ၃ ရက် ဒီကနေ့မှာတော့ ကျေးရွာတွေမှာ ပြန်လည်နေထိုင်နေကြပြီလို့ သိရပါတယ်။
တိုက်ခိုက်မှုကိုတော့ ရွေဘိုမြို့နယ်အတွင်း တိုက်နယ်နဲ့ကျေးရွာပကဖအဖွဲ့တွေ၊ ဝက်လက်နယ်ဒေသကာကွယ်ရေးအဖွဲ့တွေအပါအဝင် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားနေချိန် အောက်တိုဘာ ၂ ရက်မနက် ၁၁ နာရီလောက်မှာ ရွှေဘိုအခြေစိုက် ခမရ ၁၁ က ပစ်ကူပေးတဲ့လက်နက်ကြီးဗုံးသီးဟာ ရွှေဘိုမြို့၊ အမှတ် ၇ ရပ်ကွက်ရှိ အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းဝန်းထဲ ကျရောက်ပေါက်ကွဲလို့ ကိုရင် ၃ ပါး ပျံလွန်တော်မူကာ ၈ ပါးထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ