မြေလတ်အသံ၊ ဇွန် ၁၃၊ ၂၀၂၅။
ယနေ့ ဇွန် ၁၃ ရက်မှာ ကျင်းပနေတဲ့ One Friday Fight 112 မှာ မြန်မာဖိုက်တာ ၃ ဦး ပါဝင်ထိုးသတ်ခဲ့ပြီး သွေးလင်းထက်နဲ့ စောမင်းမင်းတို့ အလဲထိုးနဲ့ အနိုင်ရရှိခဲ့ကာ မိုးထက်အောင်ကတော့ ပြိုင်ဘက်ထိုင်းဖိုက်တာကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
◼ ဂျို့ရှ် သရိုးဘရစ် ကို အလဲထိုးအနိုင်ရခဲ့တဲ့ စောမင်းမင်း
ဂျို့ရှိသရိုးဘရစ်နဲ့စောမင်းမင်းရဲ့ ဘန်တမ်ဝိတ်မွေထိုင်းပွဲမှာ ၂၀၁၈ မှာ နောက်ဆုံးထိုးသတ်ခဲ့ပြီး အခုမှ ဝမ်းချန်ပီယံရှစ်စင်မြင့်ထက်ကိုပြန်လာခဲ့တဲ့ မြန်မာဖိုက်တာ စောမင်းမင်း က ပြိုင်ဘက် ဩစတေးလျဖိုက်တာ ဂျို့ရှ်သရိုးဘရစ်ချ်ကို တတိယအချီ ၂ မိနစ် ၅၃ စက္ကန့်မှာ အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။
စောမင်းမင်းက ပထမအချီမှာအသာစီးထိုးသတ်နိုင်ခဲ့ပေမယ့် ဒုတိယအချီမှာ ဂျို့ရှ်ရဲ့ တံတောင်ရိုက်ချက်မိပြီးတဲ့နောက်ပိုင်း ထိုးအားကျသွားခဲ့သလို တတိယအချီမှာလည်း ဖိုက်တာ ၂ ယောက်လုံး သက်လုံကျတဲ့အခြေအနေဖြစ်ခဲ့ပေမယ့် စောမင်းမင်းရဲ့ လက်သီးတွဲလုံးတွေနဲ့ ဂျို့ရှ် အမှတ်စဉ်ရေတွက်ခံခဲ့ရပြီး ပြန်မလာနိုင်တော့လို့ အလဲထိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

◼ ခွန်ပွန်နွိုင်း ကို အမှတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ မိုးထက်အောင်
ခွန်ပွန်နွိုင်းနဲ့မိုးထက်အောင်ရဲ့ ဖလိုင်းဝိတ်မွေထိုင်းပွဲစဉ်မှာ ဝမ်းချန်ပီယံရှစ်မှာ ၃ ပွဲထိုး ၂ ပွဲနိုင် ၁ ပွဲရှုံးထားတဲ့ မြန်မာဖိုက်တာ မိုးထက်အောင် က ၇ ပွဲထိုး ၅ ပွဲနိုင် ၂ ပွဲရှုံးခဲ့ပြီး ပြီးခဲ့တဲ့ One Friday Fight 104 မှာ မြန်မာဖိုက်တာ ဆွန်ရက်ကို အနိုင်ရထားတဲ့ ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်းနဲ့ ထိုးသတ်ခဲ့ရပြီး အမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
မိုးထက်အောင်က ပထမအချီမှာ လက်သီးထိချက် အသာရခဲ့ပေမယ့် အရပ်နဲ့လက်တံကွာဟမှုကြောင့် ခွန်ပွန်နွိုင်းကို ယှဉ်ထိုးလို့မရခဲ့သလို အနားကပ်မခံဘဲ အကွားအဝေးထိန်းပြီး ကစားခဲ့တဲ့ ခွန်ပွန်နွိုင်းရဲ့ ကစားဟန်ကြောင့် ဒုတိယအချီနဲ့ တတိယအချီမှာ အခက်တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် ခြေကန်ချက်အားပြုတဲ့ ခွန်ပွန်နွိုင်းက အနီးကပ်ချိန်တွေမှာလည်း ဒူးတိုက်ချက်တွေကောင်းခဲ့တာကြောင့် တတိယအချီအပြီးမှာတော့ မိုးထက်အောင် အမှတ်နဲ့ရှုံးနိမ့်ခဲ့ရပြီး မိုးထက်အောင်အတွက် ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်သလို ခွန်ပွန်နွိုင်းကလည်း မြန်မာဖိုက်တာ ၂ ယောက်ဖြစ်တဲ့ ဆွန်ရက်နဲ့ မိုးထက်အောင်ကို ၂ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာပါ။

◼ ခရစ်ပတ် ကို နောက်ပြန်တံတောင်ရိုက်ချက်နဲ့ အလဲထိုးခဲ့တဲ့သွေးလင်းထက်
ဒုတိယခေါင်ပွဲစဉ်အဖြစ် ပွဲထွက်လာခဲ့တဲ့ ခရစ်ပတ်နဲ့ သွေးလင်းထက်တို့ရဲ့ စတောဝိတ်မွေထိုင်းပွဲစဉ်မှာ သွေးလင်းထက်ရဲ့ ပွဲသိမ်းလက်ပြန်တံတောင်ရိုက်ချက်နဲ့ အလဲထိုး အနိုင်ရရှိခဲ့ပါတယ်။
အမြင့်ကန်ချက်တွေကို ပိုသုံးလာခဲ့တဲ့ သွေးလင်းထက်က ခရစ်ပတ်ကို အကွာအဝေးချိန်ဆကစားရင်း ပထမအချီ ၁ မိနစ် ၄၃ စက္ကန့်မှာပဲ လက်ပြန်တံတောင်ရိုက်ချက်နဲ့ လှလှပပ ပွဲသိမ်းအနိုင်ရယူနိုင်ခဲ့ပြီး ဒီနိုင်ပွဲကြောင့် ချက်ထရီရဲ့ အပိုဆုကြေး ဘတ် သုံးသိန်းခွဲလည်း ရယူနိုင်ခဲ့ပါတယ်။
ဝမ်းချန်ပီယံရှစ်မှာ ယခုပွဲအပါ ၅ ပွဲကစားထားတဲ့ သွေးလင်းထက်က ၄ ပွဲနိုင် ၁ ပွဲရှုံးရလဒ် ရရှိထားပြီး ၃ပွဲဆက် အနိုင်ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။
