myaelatt athan

Sharing Information to the Local

မြန်မာနိုင်ငံအလံကို နိုင်ပွဲနဲ့အတူလွှမ်းခြုံခဲ့တဲ့ ဗန် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ မတ် ၉၊ ၂၀၂၅။

မတ် ၉ ရက် ဒီနေ့ထိုးသတ်နေတဲ့ UFC 313 မှာ ဂျော့ရှုဝါဗန်ကတော့ ဂျပန်ဖိုက်တာ စူရူယာကို အမှတ်နဲ့အနိုင်ရသွားခဲ့ပါတယ်။ ပွဲစဉ်တောက်လျှောက် ချုပ်ကွက်အားသာတဲ့ စူရူယာကို ထိန်းချုပ်ပြီး ကစားသွားကာ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီပွဲမှာ UFC ရဲ့သမိုင်းတလျှောက် ၂၀၀၀ ခုနှစ်ဖွား ၂ ယောက်ယှဉ်ပြိုင်ထိုးသတ်တဲ့ ပထမဆုံးတွဲဆိုင်းဖြစ်တယ်ဆိုပြီး ဖော်ပြခဲ့ကြသလို အာရှပရိသတ်ရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်သွားနိုင်တာ တွေ့ရပါတယ်။ 

ပွဲရဲ့ ပထမအချီမှာပဲ စူရူယာဟာ ချုပ်ဖို့ လုံးဖို့ကို ဦးတည်လာခဲ့ပါတယ်။ စူရူယာ ချုပ်သမျှ ဗန်က အကောင်းဆုံးကာကွယ်ခဲ့ပြီး ပြန်လည်ထွက်နိုင်ခဲ့ကာ ညာဖြောင့်လက်သီးတွေ ခြေကန်ချက်တွေကို အသုံးချတုံ့ပြန်ပါတယ်။ ဗန်အတွက်အခက်အခဲကတော့ လက်တံကွာဟမှုဖြစ်ခဲ့ပြီး အဲ့ဒီအတွက် တော်တော်လေးရင်းထိုးခဲ့တာလည်း တွေ့ရပါတယ်။ 

ဒုတိယအချီမှာလည်း စူရူယာဟာ လုံးတာချုပ်တာကိုပဲ အားပြုကစားတာပဲဖြစ်ပါတယ်။ ပြီးတော့ ဗန်ရဲ့လက်သီးချက်တွေမထိဖို့ ခွါဆော့ပါတယ်။ ဒုတိယအချီမှာ လူကိုတပတ်လှည့်လှဲချပြီးချုပ်တဲ့ စူရူယာရဲ့စိတ်ကြိုက်ချုပ်ကွက်ရခဲ့သေးပေမယ့်လည်း ဗန်ဟာ သာသာယာယာပဲ ထွက်လာနိုင်ပါတယ်။ ဗန်ရဲ့ဘော်ဒီထိုးချက် စူရူယာမျက်နှာပျက်သွားတာတွေ့ရသလို ဗန်ရဲ့ခြေဦးနဲ့ထိုးတာ စူရူယာချုပ်ဖို့ကြိုးစားချိန် ဒူးနဲ့တိုက်တာတွေဟာ ကြည့်ကောင်းခဲ့ပါတယ်။ စူရူယာဟာလည်း ချုပ်လွန်းအားကြီးပြီး  အားကုန်လာသလိုမြင်ရပါတယ်။ 

တတိယအချီမှာတော့ ချုပ်ဖို့တိုးလာတဲ့ စူရူယာကို ဗန်က အမြင့်ကန်ချက်ကန်ခဲ့သလို ချုပ်ခံရချိန်မှာလည်း စူရူယာကို အပေါ်စီးကနေ ဘော်ဒီနေရာလွတ်တွေကို တောက်လျှောက်ထုထောင်းခဲ့ပါတယ်။ ဗန်ဟာ ပွဲကိုသေချာကိုင်တွယ်နိုင်တာတွေ့ရပြီး ပွဲကို အသာစီးကကစားခဲ့ပါတယ်။ စူရူယာဟာ ခါးအောက်ပိုင်း ကန်ခံရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂ ကြိမ်တိတိအနားရအောင်ယူခဲ့ပါတယ်။ ရုပ်သံပြကွက်တွေမှာ ဗန်ရဲ့ကန်ချက်ဟာ ဗိုက်ကိုပဲထိတာကို ပြသနိုင်တာကြောင့် ပရိသတ်ပါပွဲဆူခဲ့ပြီး ပွဲပြန်စရပါတယ်။ 

တတိယအချီအပြီးမှာတော့ အစစအရာရာသာလွန်ခဲ့တဲ့ဗန်ဟာ စူရူယာကို ဒိုင်အဆုံးအဖြတ်နဲ့အနိုင်ရခဲ့ပြီး UFC မှာ မြန်မာနိုင်ငံအလံကို နိုင်ပွဲနဲ့အတူ လွှမ်းခြုံနိုင်ခဲ့ပါတယ်။

ဗန်ဟာ UFC မှာ မြန်မာနိုင်ငံအလံကို ပထမဆုံးလွှမ်းခြုံနိုင်ခဲ့ပြီး ဒီအတွက်လည်း UFC ကို စရောက်ပါပြီဆိုကတည်းက တဖွဖွတောင်းဆိုခဲ့တာပါ။ သူ့ရဲ့ရည်ရွယ်ချက်ကလည်း ဒီကနေတဆင့် မြန်မာနိုင်ငံကို ကမ္ဘာကပိုသိစေချင်ပါတယ်တဲ့။ 

ဒီပွဲဟာ ဒုတိယအချီအလဲထိုးမယ့်အစီအစဉ်တခုသာ မဖြစ်ခဲ့ဘဲ ကျန်တဲ့ နိုင်ငံအလံလွှမ်းခြုံဖို့၊ ပွဲကိုအကောင်းဆုံးကိုင်တွယ်ဖို့ စတဲ့ဗန်ရဲ့ရည်ရွယ်ချက်တွေအောင်မြင်ခဲ့သလို UFC ကိုလည်း ဖိုက်တာကောင်းတယောက်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။