ဆွန်ရက်အတွက် ၅ ပွဲဆက်အနိုင်ရလဒ် ရရှိခဲ့တဲ့ ONE Friday Fights 98

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅။

ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ညမှာ ယှဉ်ပြိုင်နေတဲ့ ONE Friday Fights 98 မှာ မြန်မာကိုယ်စားပြုထိုးသတ်နေတဲ့ ဆွန်ရက်ဟာ အယ်ဂျီးနီးယား/ပြင်သစ်နွယ်ဖွား ဖိုက်တာ ဂျိုအာချင်အိုရာဂီကို အမှတ်အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

ပွဲရဲ့ပထမအချီမှာ အိုရာဂီဟာ အောက်ခြေကန်ချက်ကို စတင်အသုံးပြုပြီး ဆက်တိုက်ကန်နေခဲ့သလို ဆွန်ရက်ကတော့ ဘယ်လက်သီးနဲ့တုံ့ပြန်တာမျိုး၊ အောက်ခြေပြန်ကန်တာမျိုးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ပထမအချီ တဝက်လောက်မှာတော့ အိုရာဂီရဲ့ မထင်မှတ်တဲ့ အမြင့်ကန်ချက်ကြောင့် ဆွန်ရက် ယိုင်ထွက်သွားခဲ့ပါတယ်။ အသာရပြီအထင်နဲ့ စွတ်တိုးခဲ့တဲ့ အိုရာဂီတယောက် ဆွန်ရက်ရဲ့ညာဝိုက်လက်သီးထိပြီး အမှတ်စဉ်အရေခံလိုက်ရသလို ဆွန်ရက်ကလည်း လက်သီးတွဲလုံးတွေဆက်တိုက်သုံးရင် ပထမအချီအဆုံးသတ်ခဲ့ပါတယ်။ 

ဒုတိယအချီမှာတော့ ဆွန်ရက်ဟာ အမြင့်ကန်ချက်နဲ့အနိမ့်ကန်ချက်တွေကို အလျဉ်းသင့်သလိုသုံးနေပြီး အိုရာဂီကတော့ အကွာအဝေးချိန်ထိုးကာ ညာဖြောင့်လက်သီးချက်တွေနဲ့ အလစ်ဝင်ဖို့ကြိုးစားခဲ့ပါတယ်။ အလစ်ချောင်းနေတဲ့ အိုရာဂီရဲ့တွဲလုံးဆက်တိုက်ထိပြီး ဆွန်ရက်မူးဝေသွားတာတွေ့ရပြီး လူချင်းပူးကပ်ကာ ထိန်းထားနိုင်ခဲ့ပါတယ်။ ဆွန်ရက် အားပျော့သွားသလိုတွေ့ရပြီး အိုရာဂီရဲ့အရပ်နဲ့လက်တံကွာဟတာကို အသုံးချတတ်မှုဟာ အတော်လေးအလုပ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ 

တတိယအချီမှာတော့ အိုရာဂီဟာအနားကပ်မခံတော့ဘဲ အောက်ခြေကန်တာ ညာဖြောင့်လက်သီးထိုးတာတွေကိုသာ ဆက်တိုက်သုံးခဲ့ပြီး ဆွန်ရက်ကတော့ ဘယ်ညာတွဲလုံးအချို့နဲ့သာ တုံ့ပြန်နိုင်ခဲ့ပါတယ်။ တတိယအချီ တဝက်လောက်မှာ ဆွန်ရက်ရဲ့ကန်ချက် အိုရာဂီရဲ့ခါးအောက်ပိုင်းကိုထိခဲ့ပြီး ခဏနားခဲ့ရပါတယ်။ တတိယအချီမှာလည်း အိုရာဂီဟာ သူအားသာတဲ့ ညာဖြောင့်လက်သီးကို သေချာအသုံးပြုလာပြီး အနားကပ်မခံတော့တာကြောင့် ဆွန်ရက်တယောက် အခက်တွေ့ခဲ့ပြီး သူ့ရဲ့တွဲလုံးတွေလည်း အလုပ်မဖြစ်သလိုဖြစ်ခဲ့ပြီး ပွဲပြီးဆုံးခဲ့ပါတယ်။ 

တတိယအချီအထိ အနိုင်အရှုံးအဖြေမပေါ်တာကြောင့် ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကိုစောင့်စားခဲ့ရပြီး ပွဲအပြီးမှာ ဒိုင် ၃ ဦးစလုံးရဲ့ဆုံးဖြတ်ချက်နဲ့ ဆွန်ရက်ဟာအနိုင်ရခဲ့ပြီး ONE Friday Fights ပွဲစဉ်တွေမှာ နိုင်ပွဲ ၁ ပွဲထပ်တိုးနိုင်ခဲ့ပါတယ်။ 

Photo – SS from One Championship Live 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။