myaelatt athan

Sharing Information to the Local

တယောက်စီအထုတ်ခံရပေမယ့် ချန်ပီယံဖြစ်ခဲ့တဲ့ဘာစီလိုနာနဲ့ နောက်တဆင့်တက်ခဲ့တဲ့ယူနိုက်တက် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဇန်နဝါရီ ၁၃၊ ၂၀၂၅။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက အနီကဒ်နဲ့ ၁ ယောက်အထုတ်ခံခဲ့ရပေမယ့် ဂိုးပြတ်ရလဒ်နဲ့ ဖလားရယူနိုင်ခဲ့သလို FA Cup 3rd Round ပွဲစဉ်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းက ၁ ယောက်ထုတ်ခံခဲ့ရပေမယ့် နောက်တဆင့် တက်လှမ်းနိုင်ခဲ့တာပါ။

စပိန်စူပါဖလား ဗိုလ်လုပွဲမှာတော့ ဘာစီလိုနာအသင်းက ရီရဲလ်မက်ဒရစ်နဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး ရီရဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်နဲ့ ဘာစီလိုနာဗိုလ်စွဲခဲ့ပါတယ်။

ပွဲအစ ၅ မိနစ်မှာ အမ်ဘာပေရဲ့ တကိုယ်တော်ထိုးဖောက်မှုနဲ့ မက်ဒရစ်တို့ အဖွင့်ဂိုးရရှိဦးဆောင်ခဲ့ပေမယ့် ပထမပိုင်းအတွင်းမှာပဲ ပင်နယ်တီ ၁ ဂိုးအပါ ၄ ဂိုး ပြန်ပေးခဲ့ရပြီး ပထမပိုင်းအပြီးမှာ ၁-၄ ရလဒ်နဲ့ ဘာစီလိုနာက ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ရာဖင်ညာရဲ့ တကိုယ်တော်ထိုးဖောက်မှုကနေ နောက်ထပ် ၁ ဂိုးရရှိခဲ့ကာ ဘာစီလိုနာအနေနဲ့ ဖလားရနိုင်ဖို့ သေချာစေခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၅၆ မိနစ်မှာ အမ်ဘာပေရဲ့ ထိုးဖောက်မှုကို ဘာစီလိုနာ ဂိုးသမား ဆက်ဇနီက ဧရိယာပြင်ပထွက်ပြီး ဖျက်ထုတ်ချိန် ကြမ်းတမ်းခဲ့တာကြောင့် အနီကဒ်ပြခံခဲ့ရလို့ ပွဲအလှည့်အပြောင်းတခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ ဖျက်ထုတ်မှုကနေရခဲ့တဲ့ ဖရီးကစ်ကို ရိုဒရီဂိုက တိုက်ရိုက်ကန်သွင်းနိုင်ခဲ့လို့ ၂-၅ ရလဒ်ဖြစ်ပြီး မက်ဒရစ်တို့ ပြန်လာနိုင်ဖို့ အခွင့်အလမ်းသာလာခဲ့ပါသေးတယ်။

ဒါပေမယ့် လက်ကျန်ပွဲချိန်တွေအတွင်းမှာ ၁ ယောက်လျော့နေတဲ့အသင်းကို မက်ဒရစ်တို့ ဂိုးထပ်မသွင်းနိုင်ခဲ့လို့ ၂-၅ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ကာ El Clasico စပိန်စူပါဖလားကို ဘာစီလိုနာအသင်းက ရရှိခဲ့တာပါ။

စပိန်စူပါဖလား ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်က စပိန်စူပါဖလား ဗိုလ်လုပွဲ ရှုံးကြွေးကို ဘာစီလိုနာအသင်း ပြန်ဆပ်နိုင်ခဲ့ပြီး ဒီရာသီ ရီရဲလ်မက်ဒရစ်နဲ့ ၂ ကြိမ်တွေ့ဆုံမှုမှာ ၂ ကြိမ်လုံး ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ဒါ့အပြင် ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလား ၁၅ ကြိမ်ရရှိခဲ့ပြီး စပိန်စူပါဖလားအအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နေပြီး နည်းပြသစ်ဟန်ဆီဖလစ်လက်ထက် ပထမဆုံး ဖလားအောင်မြင်မှုလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မနေ့ည ၉း၃၀ မှာယှဉ်ပြိုင်ကစားခဲ့တဲ့ FA Cup 3rd Round  ပြိုင်ပွဲမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို ပင်နတီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ မိနစ် ၆၀ မှာ နောက်ခံလူဒါလော့အထုတ်ခံလိုက်ရပေမယ့် အာဆင်နယ်အသင်းရဲ့တိုက်စစ်ကို အကောင်းဆုံးတုံ့ပြန်ရင်း မိနစ် ၉၀ အတွင်းမှာ ၁ ဂိုးစီသရေကျနေခဲ့ပြီး အချိန်ပို မိနစ် ၃၀ မှာလည်း ဘယ်အသင်းကမှ ဂိုးထပ်မသွင်းနိုင်တာကြောင့် ပင်နတီအဆုံးအဖြတ်အထိရောက်ရှိခဲ့ကာ ဟားဗက်ဇ်ရဲ့ ကန်သွင်းချက်ကို ဂိုးသမားဘာရင်ဒါ ပုတ်ထုတ်ကာကွယ်သွားပြီး ၃ – ၅ ရလဒ်နဲ့အနိုင်ရသွားခဲ့တာပါ။ 

ဒီပွဲမှာ VAR ဆုံးဖြတ်ချက်မပါဝင်ခဲ့ဘဲ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေဟာ အငြင်းပွါးစရာတွေဖြစ်ခဲ့ကာ ယူနိုက်တက်အသင်းက ကစားသမား ၅ ဦး၊ အာဆင်နယ်အသင်းက ၂ ဦး အဝါကဒ်ပြသခံခဲ့ရပြီး မိနစ် ၆၀ မှာတော့ ယူနိုက်တက်ကစားသမားဒါလော့ကို ၂ ဝါ ၁ နီနဲ့ ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။ 

ဒီပွဲမှာ ယူနိုက်တက်အသင်းက ဂိုးသမားဘာရင်ဒါ၊ နောက်ခံလူမက်ဂွိုင်းယား၊ ဒီလစ်တို့ ခြေစွမ်းပြသနိုင်ခဲ့ကာ အာဆင်နယ်အသင်းကတော့ ပွဲချိန်မိနစ် ၆၀ နီးပါးတဘက်သတ်ဖိကစားရင်း မိနစ် ၇၀ မှာ ပင်နယ်တီ ၁ ကြိမ် ရရှိခဲ့ပေမယ့် အသင်းခေါင်းဆောင် အော်ဒီဂတ်ရဲ့ ကန်သွင်းချက်ကို ယူနိုက်တက်ဂိုးသမား ဘာရင်ဒါ အကောင်းဆုံးကာကွယ်ခဲ့တာပါ။ အာဆင်နယ်အသင်းက ပင်နတီ ၁ ကြိမ်နဲ့ ထောင့်ကန်ဘော ၁၂ ကြိမ်အထိ ရရှိခဲ့ပေမယ့် ၁ ယောက်လျော့နေတဲ့ ယူနိုက်တက်ကို မိနစ် ၁၂၀ အတွင်း အနိုင်ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ပင်နတီအဆုံးအဖြတ်ထိ ရောက်ရှိခဲ့ရပါတယ်။  

ပင်နတီအဆုံးအဖြတ်မှာတော့ အာဆင်နယ်အသင်းက ဟားဗက်ဇ်ရဲ့ပင်နတီကို ယူနိုက်တက်ဂိုးသမား ဘာရင်ဒါ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို အနိုင်ရရှိပြီး FA Cup နောက်တဆင့်ကိုတက်ရောက်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ လက်ရှိ FA Cup ချန်ပီယံအသင်းဖြစ်ကာ ဒီပွဲမှာအနိုင်ရရှိခဲ့တာကြောင့် FA Cup 4th Round မှာ လက်စတာအသင်းနဲ့တွေ့ဆုံမှာဖြစ်ပြီး သူ့ရဲ့အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာလက်ခံကစားသွားရမှာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။