myaelatt athan

Sharing Information to the Local

အိမ်စာကြေမှ ရလဒ်ကောင်းမယ့် သွေးလင်းထက် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၅။

နှစ်သစ်ကူးကာလမှာ ခေတ္တနားထားတဲ့ ONE Friday Fights ပြိုင်ပွဲတွေဟာ ဇန်နဝါရီ ၁၀ ရက် ဒီနေ့မှာပြန်လည်စတင်တော့မှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ မြန်မာဖိုက်တာ သွေးလင်းထက် ပါဝင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ 

ONE Friday Fights 93 မှာ သွေးလင်းထက်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမယ့်ပြိုင်ဘက်ကတော့ ထိုင်းဖိုက်တာ ရော့ကစ်တီဖြစ်ပြီး မွေထိုင်း(စတောဝိတ်)တန်းမှာ ထိုးသတ်သွားကြမှာပါ။ 

ရော့ကစ်တီဟာ ONE Friday Fights နှစ်ပွဲထိုးသတ်ထားပြီး နှစ်ပွဲစလုံးကို ပထမအချီ အလဲထိုးနဲ့ အနိုင်ရရှိထားကာ ဘောနပ်စ်ဆုတွေ သိမ်းပိုက်ထားတဲ့ ဖိုက်တာတဦးဖြစ်ပါတယ်။ 

အသက် ၁၉ နှစ်သာရှိသေးပြီး ဘယ်ခြေ၊ ဘယ်လက်အားပြုကစားတဲ့ကစားသမားဖြစ်ကာ ခြေကန်ချက်၊  လက်သီးချက်တွေဟာ ပြိုင်ဘက်မှန်းဆရခက်အောင် အနိမ့်အမြင့်နေရာစုံကို ထိုးသတ်နိုင်သူတယောက်ပါ။ မထင်မှတ်တဲ့အချိန်ထွက်လာတဲ့ အနီးကပ်တံတောင်ရိုက်ချက်နဲ့ ပြိုင်ဘက်ကိုအငိုက်မိသွားအောင်လည်း လုပ်တတ်ပါတယ်။ 

အားနည်းချက်အနေနဲ့ ဖွင့်ထိုးတတ်တဲ့ဖိုက်တာဖြစ်တာကြောင့် သူ့ကိုယ်သူကာကွယ်နိုင်မှုအားနည်းကာ ပြိုင်ဘက်ရဲ့လက်သီးချက်တွေထိရင် နောက်ကိုတွ့န်သွားတတ်ပါတယ်။ ထိုးသတ်ခဲ့တဲ့နှစ်ပွဲစလုံးအနိုင်ယူပြီး ဘောနပ်စ်ဆုတွေ သိမ်းပိုက်ထားတယ်ဆိုပေမယ့် သူ့ရဲ့ပြိုင်ဘက်တွေဟာ သိပ်ပြီးအားကောင်းတဲ့ပြိုင်ဘက်တွေ မဟုတ်တာလည်း တွေ့ရပါတယ်။ 

သွေးလင်းထက်အနေနဲ့တော့ ပြီးခဲ့တဲ့ပွဲမှာရှုံးနိမ့်လိုက်တာဟာ သူ့အတွက်အချက်ပေးသံဖြစ်သွားခဲ့ပြီး ပွဲအတွင်းမှာ ထိုးသတ်တဲ့စနစ်အပြောင်းအလဲမလုပ်နိုင်ရင် ONE မှာထိပ်တန်းရောက်ဖို့ မလွယ်ဘူးဆိုတာ ကောင်းကောင်းသိသွားလောက်ပါတယ်။ 

ပြိုင်ဘက်ဖြစ်သူ ရော့ကစ်တီဟာ သွေးလင်းထက်ရဲ့ပွဲတွေကို အပြန်ပြန်အလှန်လှန်ကြည့်ရှုလေ့လာထားတယ်ဆိုတာကြောင့် ဒီပွဲမှာ သွေးလင်းထက်တယောက် အိမ်စာကြေဖို့လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ပွဲတုန်းက သွေးလင်းထက်ရဲ့အားသာချက်ဖြစ်တဲ့ အောက်ခြေသိမ်းကန်ချက်တွေ၊ ပါဝါပြင်းတဲ့လက်သီးချက်တွေကို အသုံးပြုလို့မရအောင် ပြိုင်ဘက်ကစားသမားက စနစ်တကျကစားသွားတာကြောင့် ခက်ခက်ခဲခဲ ထိုးသတ်ခဲ့ရပါတယ်။ ဒီပွဲမှာလည်း ဒီလိုကြုံလာရင် ဘယ်လိုလုပ်ရမလဲဆိုတာ တွေးထားပြီးသား ဖြစ်နေမယ်လို့ထင်ပါတယ်။

ပြိုင်ဘက်ရဲ့ ထိုးသတ်ပုံတွေကို ဂရုစိုက်ချဉ်းကပ်ရင်း ကိုယ့်ရဲ့အားသာချက်ဖြစ်တဲ့ လက်သီးပါဝါကို ကောင်းကောင်းအသုံးချနိုင်ရင် ဒီပွဲမှာ သွေးလင်းထက်တယောက် ရလဒ်ကောင်းကိုမျှော်လင့်နိုင်ပါလိမ့်မယ်။ 

Photo – One Lumpinee FC 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။