myaelatt athan

Sharing Information to the Local

နိုင်ပွဲပျောက်နေတဲ့ မန်စီးတီးအသင်း လီဗာပူးလ်အိမ်ကွင်းမှာ နိုင်ပွဲရယူနိုင်မလား (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၊ ၂၀၂၄။

ယနေ့ည စူပါဆန်းဒေးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ က ပွဲကောင်းတပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးပွဲစဉ်ကို မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မှာ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

အိမ်ရှင်အသင်းကတော့ ဒီရာသီဟာ လီဗာပူးလ်ရဲ့ ရာသီလို့ပြောလို့ရလောက်အောင်ကို အကြိမ်ကြိမ်သက်သေပြနေခဲ့တာဖြစ်ပြီး နော်တင်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲနဲ့ အာဆင်နယ်ကို သရေကျခဲ့တဲ့ပွဲကလွဲရင် ပွဲစဉ်တိုင်းကို နိုင်ပွဲရယူထားခဲ့ကာ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ အမှတ်ပေးဇယားတွေရဲ့ထိပ် ဦးဆောင်နေတာ ဖြစ်ပါတယ်။ 

အဓိကဂိုးသမား အလီဆင်အပါအဝင် ဒဏ်ရာရကစားသမား ၆ ယောက်အထိ ရှိနေပေမယ့် ဂိုးသမား ကယ်လင်ဟာရဲ့ လက်စွမ်းပြမှု၊ အသင်းရဲ့ ဟန်ချက်ညီမှုတွေနဲ့ ဆာလာ၊ ဒီးယက်ဇ်တို့ရဲ့ သွင်းဂိုးတွေကနေတဆင့် လီဗာပူးလ်အသင်းအနေနဲ့ အမှားအယွင်းမရှိဘဲ ရှေ့ဆက်နေခဲ့တာပါ။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးကတော့ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲရှုံး ၁ ပွဲသရေ ရလဒ်နဲ့ နိုင်ပွဲပျောက်ဆုံးနေပြီး ပရီးမီးယားလိဂ်မှာ လက်ရှိ (၁ ပွဲလို) အဆင့် ၄ နေရာအထိ ရောက်ရှိနေခဲ့သလို ချန်ပီယံလိဂ်မှာလည်း အဆင့် ၁၇ နေရာအထိ ရောက်နေခဲ့တာ ဖြစ်ပါတယ်။

အဓိက ကွင်းလယ်လူ ဘလွန်းဒီအောဆုရှင် ရိုဒရီအပါအဝင် ဂျွန်စတုန်း၊ ကိုဗာဆစ် စတဲ့ခံစစ်နဲ့ ကွင်းလယ်ခံစစ်ပိုင်းက ဒဏ်ရာပြသနာတွေကြုံနေရချိန် ပေးဂိုးတွေ အများအပြားခွင့်ပြုနေခဲ့ရပြီး နိုင်ပွဲပျောက်ဆုံးနေတဲ့ မန်စီးတီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ဇယားထိပ်က လီဗာပူးလ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့် အရေးဟာ နည်းပြ ဂွာဒီယိုလာအတွက် ခေါင်းခဲစရာအခြေအနေပါ။

ဒီနေ့ပွဲမှာ မန်စီးတီး နိုင်ပွဲရှာဖွေနိုင်ခဲ့ရင်တော့ အဆင့် ၂ နေရာအထိ ပြန်လည် တက်လှမ်းနိုင်မှာဖြစ်သလို ချန်ပီယံဆုဖလားအတွက် လီဗာပူးလ်ကို ဖိအားပေးနိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့ရင်တော့ ချန်ပီယံဆုဖလားနဲ့ ဝေးကွာသွားနိုင်တဲ့အထိ ဖြစ်သွားနိုင်လို့ မန်စီးတီးတို့ အကောင်းဆုံးပြန်လာဖို့ မျှော်လင့်ထားမှာ အသေအချာပါပဲ။

တဖက်မှာလည်း လီဗာပူးလ်အနေနဲ့ ဟန်ချက်ပျက်နေတဲ့မန်စီးတီးကို အိမ်ကွင်းမှာ အနိုင်ကစားပြီး ဇယားထိပ်မှာ အမှတ်ပြတ်နဲ့ ဆက်လက်ဦးဆောင်နိုင်ဖို့ကြိုးစားသွားမှာဖြစ်သလို လက်ရှိ ခြေစွမ်းပြန်မှန်လာတဲ့ အဆင့် ၂ က အာဆင်နယ်အသင်းရဲ့ ဖိအားပေးမှုကနေကင်းလွတ်ဖို့လည်း နိုင်ပွဲရယူဖို့ လိုအပ်နေတာပါ။

နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ကြိမ်မှာတော့ ၁ ကြိမ်စီ အနိုင်ရခဲ့ပြီး ၃ ပွဲသရေကျထားတဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ ဒီတကြိမ် အန်ဖီးလ်ကွင်းမှာတော့ ဘယ်လို ရလဒ်ထွက်သွားမလဲဆိုတာကို ယနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်မှာ စောင့်ကြည့်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo – lapremierleague. 

 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။