myaelatt athan

Sharing Information to the Local

ဘယ်ခြေ အမြင့်ကန်ချက်ထိပြီး ရှုံးနိမ့်ခဲ့ရတဲ့ ထွန်းမင်းအောင် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၄။

နိုဝင်ဘာ ၂၂ ရက် ဒီနေ့ညမှာ ကျင်းပတဲ့ ONE Friday Fights 88 မှာယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ထွန်းမင်းအောင်နဲ့ ဇာဟီဒီတို့ပွဲစဉ်မှာဝောာ့ ဒုတိယအချီ ပြီးဆုံးခါနီးအချိန် ဇာဟီဒီရဲ့ ဘယ်ခြေအမြင့်ကန်ချက်‌ကြောင့် ထွန်းမင်းအောင် ရှုံးနိမ့်သွားခဲ့ပါတယ်။

ပထမအချီမှာ ထွန်းမင်းအောင်က ဘယ်ဖြောင့်လက်သီးနဲ့ စခဲ့ပြီး ဇာဟီဒီကို ထိခဲ့ပေမယ့် ဇာဟီဒီက ထောက်လက်သီးနဲ့ ဘယ်ခြေအနိမ့်ကန်ချက်ကို အသုံးပြုပြီး တုံ့ပြန်နိုင်ပါတယ်။ ထွန်းမင်းအောင်က ဇာဟီဒီနောက်ကို ဆက်တိုက်ဖိအားပေးလိုက်ခဲ့ပေမယ့် ဇာဟီဒီရဲ့ကောင်တာလက်သီးချက်တွေက ပိုပြီးထိနေတာကို တွေ့ရပြီး သူ့ရဲ့ဘယ်ခြေကို အနိမ့်ကန်၊ အမြင့်ကန်တလှည့်စီ အသုံးချနေတာ တွေ့ရပါတယ်။ 

ဒုတိယအချီမှာလည်း ထွန်းမင်းအောင်ဟာ ခြေကန်ချက်ထက် ဘယ်လက်သီးကိုအားကုန်အသုံးပြုတာတွေ့ရပြီး ဇာဟီဒီကတော့ သူ့ရဲ့ဘယ်ခြေကန်ချက်တွေကို စနစ်တကျသုံးသွားကာ လူချင်းပူးကပ်ချိန်မှာ တံတောင်ရိုက်ချက်ကိုပါ အသုံးချလာတာ တွေ့ရပါတယ်။ ဒုတိယအချီပြီးဆုံးခါနီး လူချင်းပူးကပ်သွားလို့ ပြန်ခွါချိန် ဇာဟီဒီက အနိမ့်ကန်ချက်နဲ့ စမ်းလိုက်ပါတယ်။ ထွန်းမင်းအောင်က သွေးဆူသွားပြီး ခေါင်းညိတ်စိန်ခေါ် ရှေ့တိုးလိုက်ချိန်မှာတော့ ဇာဟီဒီရဲ့ အမြင့်ကန်ချက်နဲ့တွေ့ပြီး အရုပ်ကြိုးပြတ်လဲကျကာ အရှုံးပေးလိုက်ရပါတယ်။ 

ထွန်းမင်းအောင်ဟာ ဒီပွဲအတွက် အများကြီးပြင်ဆင်ထားပေမယ့် ထိုးပေါက်စုံလင်အောင်အသုံးမပြုနိုင်ခဲ့ဘဲ နည်းစနစ်ပိုင်း ကွာဟမှုကြောင့် ရှုံးနိမ့်ခဲ့ရပြီး သူ့ရဲ့ ONE ပြိုင်ပွဲမှတ်တမ်းမှာ တပွဲနိုင် နှစ်ပွဲရှုံး မှတ်တမ်းဝင်သွားပြီဖြစ်ကာ ONE မှာ မြန်မာဖိုက်တာတွေ ရှုံးပွဲဆက်နေမှုဟာလည်း ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။  

Photo – SS from One Championship Live.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။