myaelatt athan

Sharing Information to the Local

လာလီဂါ ၄၂ ပွဲဆက် ရှုံးပွဲမရှိတဲ့ ရီးရဲလ်မက်ဒရစ်ကို El Clásico Derby မှာ ဘာစီလိုနာ ရပ်တန့်နိုင်မလား (အားကစားသတင်း)

0
0

မြေလတ်အသံ၊ အောက်တိုဘာ ၂၆၊ ၂၀၂၄။

စပိန်လာလီဂါ ထိပ်သီးနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာရဲ့ စပိန်လာလီဂါ ပွဲစဉ် ၁၁ El Clásico Derby ပွဲစဉ်ကို ယနေ့ည မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၃၀ မိနစ်မှာ ရီးရဲလ်မက်ဒရစ် အိမ်ကွင်း ဘာနေဗျူး မှာ ယှဉ်ပြိုင်သွားကြမှာပါ။

လက်ရှိ လာလီဂါ ပွဲစဉ် ၁၀ အပြီးမှာ အိမ်ရှင် ရီးရဲလ်မက်ဒရစ်က အဆင့် ၂ နေရာ ရပ်တည်နေပြီး ပြိုင်ဘက် ဘာစီလိုနာကတော့ ရီးရဲလ်မက်ဒရစ်ကို ၃ မှတ်အသာနဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

အိမ်ရှင် ရီးရဲလ်အသင်းဟာ လာလီဂါမှာ ၄၂ ပွဲဆက် ရှုံးပွဲမရှိသေးဘဲ နောက်ဆုံးရှုံးနိမ့်ခဲ့တာကတော့ ၂၀၂၃ စက်တင်ဘာ ၂၅ ရက်မှာ မြို့ခံပြိုင်ဘက် အက်သလက်တီကို ကို ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီရာသီမှာ လက်ရှိ ၃ မှတ်ကွာဟနေတဲ့ အနေအထားကနေ ပိုမိုမဝေးကွာစေဖို့အတွက် ရီးရဲလ်တို့က ရှုံးလို့မရတဲ့ အနေအထားဖြစ်ပြီး ဟန်စီဖလစ် လက်ထက် ခြေစွာနေတဲ့ ဘာကာ ကို အနိမ့်ဆုံး သရေရအောင် ကစားရမှာ ဖြစ်ပါတယ်။

အိုဆာဆူနာကို ရှုံးနိမ့်ခဲ့တာကလွဲလို့ ကျန်တဲ့လာလီဂါ ၉ ပွဲလုံး နိုင်ပွဲဖော်ဆောင်ထားပြီး လက်ရှိ လာလီဂါမှာ သွင်းဂိုးအများဆုံးရရှိထားတဲ့ ဘာကာ အနေနဲ့ ဟန်စီဖလစ် လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာပါ။ လက်ရှိချန်ပီယံ ရီးရဲလ်ကို ၃ မှတ်ဖြတ်ထားတဲ့ အနေအထားကနေ ပိုမိုပြီး ဖိအားကင်းနိုင်ဖို့ အဝေးကွင်းရမှတ် ရယူနိုင်အောင်နဲ့ ရီးရဲလ်ရဲ့လာလီဂါ ၄၂ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်နိုင်အောင် ဟန်စီဖလစ် ဘာလုပ်ပြနိုင်မလဲ ကြည့်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြားရက် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ရီးရဲလ်နဲ့ဒေါ့မွန်ပွဲမှာ ဘရာဇီးသားတဦးဖြစ်သူ ဗင်နီးဆီးယတ်စ်က Hat-trick သွင်းဂိုး နဲ့ ရီးရဲလ်တို့ ဂိုးပြတ်နိုင်ခဲ့သလို ဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ပွဲမှာလည်း ဘရာဇီးသားတဦးဖြစ်တဲ့ ရာဖင်ဟာ က ခြေစွမ်းပြပြီး Hat-trick သွင်းယူကာ ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်ခဲ့တာပါ။ လက်ရှိခြေစွမ်းပြနေတဲ့ ဗင်နီးဆီးယတ်စ်နဲ့ ရာဖင်ဟာတို့ ဘရာဇီးသားနှစ်ယောက်ရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်သူအသာရသွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နှစ်သင်းလုံးရဲ့ အဓိက ဂိုးသမားတွေ ဒဏ်ရာရထားလို့ လွဲချော်မှာဖြစ်ပေမယ့် အရန်ဂိုးသမားတွေဖြစ်တဲ့ လူနင်နဲ့ ပီနာတို့ ကလည်း စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေဖြစ်လို့ ဒါက နှစ်သင်းလုံးအတွက် မျှတတဲ့ အခြေအနေတခုပါ။

ဒါကြောင့် နည်းပြကြီး အန်ဆလော့တီနဲ့ ဟန်စီဖလစ်တို့ရဲ့ နည်းဗျူဟာ ပြိုင်ဆိုင်မှု၊ ထိပ်သီးကစားသမားတွေဖြစ်တဲ့ ဘယ်လင်ဟမ်၊ အမ်ဘာပေ၊ မိုဒရစ် တို့နဲ့ ပီဒရီ၊ ယာမဲလ်၊ လီဝန်ဒေါ့စကီး တို့ရဲ့ ပြိုင်ဆိုင်မှုတွေအပြင် ဘရာဇီးသား ဗင်နီးဆီးယတ်စ်နဲ့ ရာဖင်ဟာတို့ရဲ့ ပြိုင်ဆိုင်မှုတွေကိုပါ မြင်တွေ့ရဦးမယ့် El Clásico Derby ကို ယနေ့ည စောင့်ကြည့်ကြရအောင်ပါ။

Photo – ESPN

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။