myaelatt athan

Sharing Information to the Local

One Friday Fignts မှာပြိုင်ဘက်ကိုအမှတ်ပြတ်အနိုင်ရခဲ့တဲ့ ဆွန်ရက်နဲ့ ရှုံးပွဲစကြုံတွေ့ခဲ့တဲ့ အဲမွီ (အားကစားသတင်း)

0 2
0 2

မြေလတ်အသံ၊ အောက်တိုဘာ ၂၅၊ ၂၀၂၄။

အောက်တိုဘာ ၂၅ ရက်၊ ဒီနေ့ညပိုင်းမှာကျင်းပတဲ့ One Friday Fights 84 မှာ မြန်မာဖိုက်တာတွေဖြစ်တဲ့ “အဲမွီ”နဲ့ “ဆွန်ရက်”တို့ ပါဝင်ထိုးသတ်ခဲ့ပြီး ၁ ဦးအနိုင်ရရှိခဲ့ကာ ၁ ဦးရှုံးနိမ့်ခဲ့ပါတယ်။ 

မြန်မာကစားသမား ၂ ဦးမှာ ပထမဆုံးထိုးသတ်ရတဲ့ဖိုက်တာကတော့ ဆွန်ရက်ဖြစ်ပါတယ်။ 

ဆွန်ရက်နဲ့ ယူကီကာဆာဟာရာတို့ပွဲမှာ ဆွန်ရက်က သူ့ပုံစံအတိုင်း အနိမ့်ကန်ချက်တွေနဲ့စတင်ခဲ့ပြီး ‌ဖြေးဖြေးမှန်မှန်ချဉ်းကပ်ရင်း ထိုးပါတယ်။ ကာဆာဟာရာကတော့ အစပိုင်းမှာ သွက်လက်ခဲ့ပေမယ့် ဆွန်ရက်ရဲ့ညာထောက်လက်သီးထိပြီးချိန်မှာတော့ အတင်းတိုးဝင်ထိုးကာ လူချင်းပူးကပ်သွားရင်လည်း ဆွန်ရက်ရဲ့တံတောင်ရိုက်ချက်တွေ မ‌ရှောင်နိုင်တာကြောင့် ဆွဲလှဲဖို့ကိုသာကြိုးစားပါတော့တယ်။ 

ပထမအချီပြီးခါနီးမှာ ထွက်လာတဲ့ဆွန်ရက်ရဲ့ဘယ်ဝိုက်လက်သီးဟာ ဂျပန်ကစားသမားမေးရိုးကို တည့်တည့်ထိမှန်ပြီး အမှတ်စဉ်ရေတွက်ခံရပါတယ်။ ဒုတိယအချီမှာလည်း ဆွန်ရက်အသာရပြီး ဂျပန်ကစားသမားရဲ့ထိုးချက်ကန်ချက်တွေဟာမထိရောက်ဘဲ ဥပဒေပကစားတာမျိုးအထိ အခြေအနေဆိုးသွားပါတယ်။ 

တတိယအချီမှာပါ ဆွန်ရက်ရဲ့ ထောက်လက်သီးတွေ၊ လူချင်းပူးကပ်ချိန် တံတောင်ရိုက်ချက်တွေဟာ ကောင်းမွန်တိကျခဲ့ပြီး ပူးကပ်ချုပ်လှဲဖို့ကြိုးစားနေတဲ့ ဂျပန်ကစားသမားကတော့ ဒုတိယအကြိမ် အမှတ်စဉ်ရေတွက်ခံလိုက်ရပါတော့တယ်။

ပွဲအပြီးမှာတော့ ဒိုင်တွေအားလုံးရဲ့တညီတညာတည်း အနိုင်ပေးမှုနဲ့အတူ ဆွန်ရက်ဟာ ပွဲကိုအနိုင်ရရှိ သွားပါတယ်။

အဲမွီနဲ့ အိုမာကင်တပ်တို့ပွဲမှာတော့ အဲမွီဟာ ဘယ်ဝိုက်လက်သီးနဲ့စသလို အိုမာကတွဲလုံးတွေ ပြန်လာပါတယ်။ အဲမွီဟာ ပြိုင်ဘက်ရဲ့ခန္ဓာကိုယ်အကာကွယ်မဲ့မှုကိုအခွင့်ကောင်းယူနိုင်ပြီး ဘယ်ဝိုက်လက်သီး ညာထောက်လက်သီးအပြင် အမြင့်ကန်ချက်အချို့ကိုပါ အသုံးပြုခဲ့ပါတယ်။ ပထမအချီမှာ အိုမာအတွက်ကစားတဲ့ပုံစံပါပြောင်းခဲ့ရပြီး ဘယ်ခြေအမြင့်ကန်ချက်တွေကို ပြောင်းသုံးခဲ့ရကာ အဲမွီကိုထိအောင် ကန်နိုင်ခဲ့ပါတယ်။ 

ဒုတိယအချီမှာလည်း အဲမွီနဲ့အိုမာဟာ သူတို့အသာရထားတဲ့ ကစားပုံတွေနဲ့ပဲ ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ ဒုတိယအချီပြီးခါနီးမှာတော့ အိုမာဟာတိုက်စစ်ပိုဖွင့်လာခဲ့ပြီး ဖိအားပေးထိုးသတ်နိုင်ခဲ့သလို လူချင်းပူးကပ်ချိန်မှာတော့ တံတောင်ရိုက်ချက်တွေကို အပြန်အလှန်အသုံးပြုခဲ့ကြပြီး အိုမာရဲ့တံတောင်ရိုက်ချက်တွေက ပိုပြီးထိရောက်တာကို တွေ့ရပါတယ်။ 

တတိယအချီမှာတော့ အိုမာဟာတိုက်စစ်ပိုဖွင့်လာခဲ့ပြီး ဒူးတိုက်ချက်တွေ၊ ပတ်တံတောင်ရိုက်ချက်တွေနဲ့အတူ ကစားပုံစုံစုံလင်လင်နဲ့ အသာသီးရအောင်ကစားသွားခဲ့ပြီး အဲမွီကတော့ကစားပုံပြောင်းလဲနိုင်ခြင်းမရှိဘဲ ပုံမှန်အတိုင်းပဲထိုးသတ်နေကာ သတ်လုံကျသွားပုံလည်း တွေ့ရပါတယ်။  

ပွဲအပြီးမှာတော့ ထိုးသတ်ပုံစုံလင်ထိရောက်တဲ့ အိုမာကို ဒိုင်တွေအားလုံးက အနိုင်ပေးခဲ့ပါတယ်။

One Friday Fights 84 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့မြန်မာကစားသမား ၂ ဦးမှာတော့ ဆွန်ရက်အနိုင်ရခဲ့ပြီး အဲမွီကရှုံးနိမ့်ခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ကစားပုံကောင်းမွန်တဲ့ ကစားသမားတွေဖြစ်တာကြောင့် နောက်ထပ်ပွဲတွေ မကြာခင်မှာပြန်တွေရမယ်လို့ထင်ပါတယ်။

Photo – SS from OneFridayFightsLive

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။