myaelatt athan

Sharing Information to the Local

ချန်ပီယံ လမ်းကြောင်းပေါ်က လီဗာပူးလ် နဲ့ ခြေစွမ်းကောင်းနေတဲ့ ချဲလ်ဆီး ဘယ်သူအနိုင်ရသွားမလဲ (အားကစားသတင်း)

0
0

မြေလတ်အသံ၊ အောက်တိုဘာ ၂၀၊ ၂၀၂၄။

လက်ရှိ အဆင့် ၁ နေရာမှာရှိနေတဲ့ လီဗာပူးလ်နဲ့ ခြေစွမ်းကောင်းပြန်ရလာပြီး လက်ရှိအဆင့် ၆ ကနေ ထပ်တက်လာဦးမယ့် ချဲလ်ဆီးတို့ ယနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ၈ အနေနဲ့ လီဗာပူးလ် အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင်သွားမှာပါ။

နှစ်သင်းလုံးက နည်းပြသစ်တွေနဲ့ ပြန်လည်တည်ဆောက်ဆဲကာလဆိုပေမယ့် ပိုမိုအထိုင်ကျနေတဲ့ လီဗာပူးလ်အသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ် ၇ ပွဲကစားထားရာမှာ ၆ ပွဲအနိုင်ရရှိထားပြီး နော့တင်ဟမ်ကို မထင်မှတ်ဘဲ ရှုံးခဲ့တာကလွဲရင် ပုံစံကောင်းရနေတဲ့အပြင် လက်ရှိချန်ပီယံမန်စီးတီးရဲ့အထက်မှာ ၁ မှတ်အသာနဲ့ ဇယားထိပ်ကနေ ဦးဆောင်နေတာပါ။

ချဲလ်ဆီးကတော့ ရာသီအစ မန်စီးတီးကို ရှုံးထားတာအပြင် သရေ ၂ ပွဲနဲ့အမှတ်လျော့ထားပြီး အဆင့် ၆ နေရာမှာ ရှိနေပေမယ့် ကိုးလ် ပါးမား ခြေစွမ်းပြနေမှုနဲ့အတူ အသင်းက ပုံစံကောင်းရလာနေပြီလည်း ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပေးဂိုး ၂ ဂိုးပဲ ခွင့်ပြုထားရတဲ့ လီဗာပူးလ် ခံစစ်က အကောင်းဆုံး အနေအထားမှာ ရှိနေပေမယ့် ချဲလ်ဆီးကတော့ ဒီရာသီ ပေးဂိုး ၈ ဂိုး ရှိထားပြီး အားထားရတဲ့ ဘယ်နောက်ခံလူ ကူကူရယ်လာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ခံစစ်ပိုင်းမှာ အနည်းငယ် အားနည်းနေသလို ပြိုင်ဘက် လီဗာပူးလ်ရဲ့ အဓိက တောင်ပံတိုက်စစ်ကစားသမား မိုဟာမက် ဆာလာနဲ့ ရင်ဆိုင်ရမယ့်ဘက်ခြမ်းဖြစ်နေလို့ ဒါက စိုးရိမ်ရမယ့် အနေအထားပါ။

ချဲလ်ဆီးအနေနဲ့ကတော့ စက်တင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြဆုကို နည်းပြ အန်ဇို မာရက်စကာနဲ့ အကောင်းဆုံးကစားသမားဆုကို ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ် ပါးမားတို့ အသီသီးရရှိထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာတော့ အသင်းရဲ့ အားထားရတဲ့ ကစားသမား ကိုးလ် ပါးမား ခြေစွမ်းပြစေနိုင်ဖို့နဲ့အတူ တိုက်စစ်မှူး နီးကိုးလပ်စ် ဂျက်ဆင် အဆုံးသတ်သေချာစေဖို့ ဂရုပြုရမှာပဲဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် အကောင်းဆုံးခံစစ်၊ ပေးဂိုးအနည်းဆုံးအသင်းကို ချဲလ်ဆီးတို့ ကျော်ဖြတ်သွားနိုင်မလား၊ အန်ဖီးလ်ရဲ့ အရှိန်အဝါအောက်မှာ လီဗာပူးလ်တို့ ဆက်လက် တောက်ပနေဦးမလား။ နည်းပြ အာနဲ စလော့ နဲ့ အန်ဇို မာရက်စကာ ဘယ်သူက နည်းစနစ်ပိုကောင်းပြီး ပွဲကို အသာစီးရယူသွားနိုင်မလဲဆိုတာ ဒီနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီမှာ ပရီးမီးယားလိဂ်ပွဲကောင်း ၁ ပွဲကို စောင့်ကြည့်ရမှာပါ။

လက်ရှိ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ လီဗာပူးလ်ကတော့ ဒီပွဲပြီးရင် အာဆင်နယ်၊ ဘရိုက်တန်၊ အက်စ်တွန်ဗီလာ၊ နယူးကာဆယ်၊ တော့တင်ဟမ် စတဲ့အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲကြပ်တွေ ကစားရမှာဖြစ်ပါတယ်။

Photo – DStv. 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။