◼️ ချဲလ်ဆီးနဲ့ လီဗာပူးလ် ရှုံးနိမ့်ခဲ့တဲ့ စနေည ပရီးမီးယားလိဂ်ပွဲစဉ်များ
မြေလတ်အသံ၊ အောက်တိုဘာ ၂၆၊ ၂၀၂၅။
ပရီးမီးယားလိဂ်ပွဲစဉ် ၉ စနေနေ့ညနဲ့ တနင်္ဂနွေမနက် ပွဲစဉ်တွေမှာတော့ မန်ချက်စတာယူနိုက်တက်က ဘရိုက်တန်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဆင့် ၄ နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။
ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့တဲ့အဲ့ဒီပွဲစဉ်မှာ ယူနိုက်တက်က ပွဲချိန်မိနစ် ၇၀ ကျော်အထိ ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက် ချေပဂိုး ၂ ဂိုး ခွင့်ပြုပေးခဲ့ရလို့ သရေရလဒ်နဲ့ နီးစပ်ခဲ့ပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံရရှိခဲ့တာကြောင့် ယူနိုက်တက်တို့ အဆင့် ၄ အထိ ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ကွန်ညာ ၁ ဂိုး၊ ကက်စမဲရိုး ၁ ဂိုးနဲ့ အမ်ဘူမိုက ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဘရိုက်တန်အတွက် ဝဲဘက်ခ်နဲ့ ကော့စ်တူးလက် တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့တာပါ။
ယူနိုက်တက်က ဒီနေ့နိုင်ပွဲကြောင့် ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရရှိခဲ့တာဖြစ်ပြီး ကွန်ညာ အနေနဲ့လည်း ယူနိုက်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးရရှိခဲ့တာဖြစ်ပါတယ်။


ဒါ့အပြင် အခြားပွဲစဉ်တွေမှာတော့ ချဲလ်ဆီးက ဆန်းဒါးလန်းကို အိမ်ကွင်းမှာ ၁-၂ ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပြီး နယူးကာဆယ်က ဖူလ်ဟမ်ကို ၂-၁ နဲ့အနိုင်ရရှိခဲ့ကာ လီဗာပူးလ်ကတော့ ဘရန်ဖို့ဒ်အိမ်ကွင်းမှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ တန်းတက်အသင်း ဆန်းဒါးလန်းက လက်ရှိ အဆင့် ၂ နေရာအထိ ယာယီတက်လှမ်းထားနိုင်ခဲ့ပြီး ယူနိုက်တက်က အဆင့် ၄၊ လီဗာပူးလ်က အဆင့် ၆ နဲ့ ချဲလ်ဆီးက အဆင့် ၈ နေရာအသီးသီးမှာ ယာယီရပ်တည်နေကြပါတယ်။