myaelatt athan

Sharing Information to the Local

မြင်းခြံမှာ စစ်တပ်ထောက်ခံသူ ၁ ဦးအပါ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး

0 2
0 2

မန္တလေး၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူးရွှင်းဘိုကျေးရွာနဲ့ ကန်ဆွယ်ကျေးရွာတွေမှာ တပ်ထောက်ခံသူ ၁ ဦးအပါအဝင် ၃ ဦးပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်မနေ့က တူးရွှင်းဘိုကျေးရွာ ကျေးလက်ဆေးပေးခန်းမှာ နေထိုင်တဲ့ သားအမိ ၂ ဦးနဲ့ ညပိုင်းမှာ ကန်ဆွယ်ကျေးရွာနေ တပ်ထောက်ခံသူ ၁ ဦးကို လက်နက်ကိုင်လူတစုက လာရောက် ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဆေးခန်းမှာ ပစ်သတ်ခံရတဲ့ သားအမိက အမေဖြစ်သူက သက်ကြီးပိုင်း သားဖွားဆရာမ အငြိမ်းစားပါ။ သူသားကတော့ သူနဲ့အတူနေတာ။ အဲဒါကို ဆေးခန်းမှာ လာပစ်သတ်သွားတာ။ သူတို့တွေက နောက်ကွယ်က ဘာလုပ်လဲဆိုတာတော့ မသိရဘူး။ ကန်ဆွယ်မှာကျတော့ တပ်ထောက်ခံသူကို သူခြံထဲမှာ ပစ်သတ်သွားတာ။ ဒါပေမယ့် သူက မသေဘူး။ ဒဏ်ရာပဲ ရသွားတယ်” လို့ ပြောပါတယ်။

အသက် ၆၃ နှစ်အရွယ် အငြိမ်းစားသားဖွားဆရာမ ဒေါ်ဌေးဝင်းမေ (ခ) ဒေါ်တူးတူး နဲ့ အသက် ၄၀ နှစ်အရွယ် သားဖြစ်သူဇော်ခိုင်ဦးတို့ ၂ ဦးမှာ မနေ့ကမနက် ၉ နာရီခန့်က ကျေးလက်ဆေးခန်းမှာ ရှိနေချိန် ပစ်ခတ်ခံရပြီး နေရာတင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကန်ဆွယ်ရွာနေ တပ်ထောက်ခံသူ ငစိုင်း အသက် ၂၈ နှစ်ကတော့ သူပိုင်တဲ့ကြက်ခြံမှာ ရှိနေချိန် ပစ်ခတ်ခံရတာကြောင့် ဝမ်းဗိုက်နဲ့ ပုခုံးမှာ ဒဏ်ရာရပြီး မြင်းခြံဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

သူတို့ကို ဘယ်အဖွဲ့အစည်း ပစ်ခတ်တိုက်ခိုက်ခဲ့လဲဆိုတာကိုတော့ ထုတ်ပြန်ကြေငြာထားတာ မရှိသေးပါဘူး။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၇ ရက်ကလည်း မြင်းခြံမြို့နယ်၊ သဲဖြူဝကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးဆိုသူလည်း ရွာစည်ရွာ စက်သုံးဆီဆိုင်နားမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။