myaelatt athan

Sharing Information to the Local

ဗုံးသီးခွံတွဲကား ၃ စီး ပါသွားမှုနဲ့ သရက်တပ်နယ်မှူးကို တပ်အချုပ်ထဲမှာထားပြီး ၁ နှစ်နီးပါး အမှုစစ်ဆေးနေ

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

မကွေးတိုင်း၊ သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) စက်ရုံမှူး (သရက်တပ်နယ်မှူး) ဗိုလ်မှူးကြီးဝင်းကြူကို အောင်လံမြို့အခြေစိုက် ကပစ ၁၅ တပ်ဗဟိုကင်းမှာ စစ်ဘက်အချုပ်နဲ့ ချုပ်နှောင်ထားဆဲဖြစ်ပြီး အမှုဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလ ၆ ရက်နေ့က သရက်မြို့ ကပစ ၁၂ တပ်က ဗိုလ်ကြီးသိန်းသန်းစိုး ဦးစီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဟာ ဗုံးသီးခွံတွေ တင်ဆောင်လာတဲ့ တွဲကား ၃ စီးနဲ့အတူ ပေါက်မြို့အခြေစိုက် ကပစ ၂၄ တပ်ကို ယာယီတာဝန်သွားရောက်စဉ် ပေါက်မြို့နယ်အတွင်း ပုသိမ်-မုံရွာလမ်းပိုင်းတနေရာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ခံခဲ့ရတဲ့အတွက် စစ်ခေါင်းဆောင်တွေက ကပစ ၁၂ စက်ရုံမှူး ဗိုလ်မှူးကြီးဝင်းကြူကို စစ်ဘက်အချုပ်နဲ့ စစ်ဆေးနေတာပါ။

အဲ့ဒီဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး သေဆုံးခဲ့တဲ့အပြင် ၎င်းတို့ကိုင်ဆောင်တဲ့ လက်နက်ငယ်တွေအားလုံး ဆုံးရှုံးခဲ့သလို တွဲကား ၃ စီး အပြည့်တင်ဆောင်လာတဲ့ စစ်ကောင်စီတပ်သုံး ဗုံးသီးခွံတွေလည်း ဆုံးရှုံးခဲ့ရလို့ နေပြည်တော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်)က ဒု-ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် (ဒု-ထုတ်ချုပ်) ဗိုလ်ချုပ်ရဲအောင် လာရောက်စစ်ဆေးခဲ့ပြီးတဲ့နောက် ဗိုလ်မှူးကြီးဝင်းကြူက လက်အောက်ငယ်သားတွေကို ယာယီတာဝန်စေလွှတ်ရာမှာ လုံခြုံရေးပေါ့လျော့ခဲ့တယ်ဆိုပြီး တာဝန်ရှိမှုနဲ့ အခုလိုစစ်ဘက်အချုပ်နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတာပါ။

“ဗိုလ်မှူးကြီးဝင်းကြူကို အမိန့်မချသေးဘူး။ အမှုကတော့ စစ်လို့ပြီးနေပြီ။ ကပစ ၁၅ မှာ ဒီအတိုင်း ချုပ်ထားတုန်းဘဲ။ အဲ့ဒီအမှုက တိုင်းသိပြည်သိ တအားနာမည်ကြီးခဲ့တော့ ထောင်ကျဖိုတော့ရှိမယ် ထင်တယ်။ ထောင်မကျရင်တောင် တာဝန်ရှိမှုဆိုတော့ အနည်းဆုံးရှုတ်ချထုတ်ပယ်နဲ့ ခံစားခွင့်မရတော့တာမျိုး ဖြစ်နိုင်တယ်” လို့ သရက်မြို့ ကပစ ၁၂ တပ်တွင်းသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဗိုလ်မှူးကြီးဝင်းကြူကို အခင်းဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းမှာ စစ်ဘက်အချုပ်နဲ့စတင် စစ်ဆေးခဲ့ပြီးနောက် ၂ လအကြာ ဇွန်လအတွင်းမှာ ၎င်းရဲ့ ကပစ ၁၂ စက်ရုံမှူး နေရာကို ဗိုလ်မှူးကြီးကျော်ဦး ဆိုသူကို အစားထိုးပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

ကပစ ၁၂ စက်ရုံမှူးဟာ သရက်တပ်နယ်ကို ကွပ်ကဲတဲ့ တပ်နယ်မှူးအဖြစ် ဆောင်ရွက်ရတာဖြစ်ပြီး သရက်တပ်နယ်အတွင်းမှာပါဝင်တဲ့ သရက်မြို့အခြေစိုက် ကပစ ၁၂၊ ခလရ ၄၄ အောင်လံမြို့အခြေစိုက် ကပစ ၁၅၊ ခလရ ၇၁ မြို့သစ်မြို့အခြေစိုက် ကပစ ၁၈ စတဲ့ တပ် ၅ ခုကို အုပ်ချုပ်ရတဲ့ ဗိုလ်မှူးကြီးအဆင့်အရာရှိကြီး တဦးဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။