ညောင်ဦးမြို့နယ်က ရွာ ၆ ရွာမီးရှို့ခံရပြီး ဒေသခံ ၂ သောင်းကျော် တိမ်းရှောင်နေရ

ညောင်ဦး၊ ဇူလိုင် ၁၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ကျေးရွာ ၆ ရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ပြီး နေအိမ်တွေကိုဖျက်ဆီးနေတာကြောင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၈ ရက်မနက် ၉ နာရီကျော်မှာ တောင်ဇင်းကျေးရွာရဲစခန်းကနေ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းက ချောင်းရှည်၊ အနောက်အုံ၊ ယာတောကြီးကျေးရွာတွေကို မီးရှို့ခဲ့ပြီး ယာတောကြီးရွာမှာ စခန်းချညအိပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – မီးရှို့ခံထားရသည့် ဇီးစမြင်ကျေးရွာ။
ပုံစာ – မီးရှို့ခံထားရသည့် ဇီးစမြင်ကျေးရွာ။

အဲဒီနောက် ဇူလိုင် ၉ ရက်မနက်မှာ ကျောက်ပြင်ကန်၊ ဇီးစမြင်၊ မြောင်ကျေးရွာတွေကို ဆက်လက်မီးရှို့ခဲ့ပြီး မြောင်ကျေးရွာမှာတပ်စွဲထားကာ ဇူလိုင် ၁၀ ရက်မနက် ၈ နာရီခန့်မှာ မြောင်ကနေတဆင့် ကန်သာရွာဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

“ဒီနားမှာက ဆိုးဆိုးဝါးဝါး တိုက်ပွဲကြီးဘာညာဆိုတာလည်း မရှိဘူး။ အဲဒီရွာဘက်တွေမှာ သူတို့(စကစ) ရဲဘော်တွေ အများကြီးကျတာမရှိဘူး။ ပစ်ပြေးနဲ့ မိုင်းဆွဲတာလောက်ပဲ ရှိတာ။ အဲဒါကို သက်သက်လာ ရှို့တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ပုံစာ – မီးရှို့ခံထားရသည့် ဇီးစမြင်ကျေးရွာ။
ပုံစာ – မီးရှို့ခံထားရသည့် ဇီးစမြင်ကျေးရွာ။

မီးရှို့ခံရလို့ ချောင်းရှည်ရွာက နေအိမ် ၁၂ လုံးနဲ့ စာသင်ကျောင်း ၂ ကျောင်း၊ အနောက်အုံရွာက နေအိမ် ၁ လုံး၊ ကျောက်ပြင်ကန်ရွာက အိမ် ၁၀ လုံး၊ ယာတောကြီးရွာက အိမ် ၁၀ လုံးခန့်၊ ဇီးစမြင်ရွာက ၁၅ လုံးခန်နဲ့ မြောင်ရွာက အခြေနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်မီးရှို့နေလို့ အိမ်ခြေ ၁၀၀ ကျော်ကနေ ၅၀၀ ခန့်ရှိတဲ့ ရွာတွေဖြစ်တဲ့ ချောင်းရှည်၊ ယာတောကြီး၊ ဇီးစမြင်၊ ကျောက်ပြင်ကန်၊ ဂျိုးကန်၊ စခါး၊ မြောင်၊ ရွှေကဖြူ၊ ကြအို၊ မြေသန့်တောင်၊ မအူပင်၊ ပျော်ဘွယ်၊ ရွာသာ၊ ညောင်လှ၊ ပြင်းချောင်း၊ လယ်ကန်၊ ကန်သာ၊ ကံကြီးကုန်းရွာတွေအပါအဝင် ဒေသခံ ၂ သောင်းကျော်လောက် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက မောင်းဂွက်တောနဲ့ ရွာပုလဲ ကျေးရွာတို့ကိုမီးရှို့ခဲ့ရာ နေအိမ် ၃၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁,၅၀၀၀ ကျော် ထွက်ပြေးခဲ့ရပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။