မြေလတ်အသံ၊ ဇူလိုင် ၈၊ ၂၀၂၅။
မန္တလေးတိုင်းက TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဇူလိုင် ၈ ရက်၊ ဒီမနက် ၉ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ မိုးကုတ်မြို့အနောက်ပိုင်းရှိ ဂေါင်းဦးဘာရပ် ကွက်ကို ပေါင် ၅၀၀ ဗုံးကြဲချခဲ့ရာ ဒေါ်ခင်မျိုးထွေး၊ ဒေါ်ခင်ထားရီနဲ့ ဦးလှသိန်းတို့သေဆုံးခဲ့ပြီး ပြည်သူ ၈ ဦးဒဏ်ရာရကာ နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့တာလို့ သိရပါတယ်။



“ဗုံးကတလုံးပဲချသွားတာ။ လေယာဉ်သံတောင် မကြားလိုက်ကြဘဲ ဝုန်းဆိုမှ အားလုံးသိကြတာ”လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါ တယ်။
ဒီနေ့မနက်ပိုင်းက မိုးကုတ်မြို့မှာ မိုးရွာနေပြီး ရာသီဥတုက ပိတ်မှောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒဏ်ရာရရှိသွားတဲ့ ၈ ဦးမှာလည်း ဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသမှုခံယူနေကြတယ်လို့ သိရပါတယ်။

ဒီလေယာဉ်ဟာ မိုးကုတ်မြို့ကို မရောက်ခင်မှာ ကျောက်မဲမြို့ကို မနက် ၉ နာရီ ၃ မိနစ်မှာ ဝင်ရောက်ဗုံးကြဲခဲ့သေးတယ်လို့ သိရပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုမှာဒေါ်မြင့်မြင့်သန်းဆိုသူသေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကာ နေအိမ် ၇ လုံးပျက်စီးခဲ့တယ်လို့ TNLA တပ်ဖွဲ့သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ဇွန် ၂၅ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ခြမ်းရှိ အုန်းကိုင်းကွက်သစ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး ထိခိုက်ပြီး ဘုန်းကြီး ကျောင်းအပါအဝင် လူနေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့မှာ မိုးကုတ်မြို့တခုလုံးကို TNLA နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
စာတည်း – မြတ်