myaelatt athan

Sharing Information to the Local

ဘက်ပြောင်းစစ်သားအပါ ၂ ဦး ပကဖစခန်းကနေ စစ်တပ်ထံထွက်ပြေးပြီးနောက် စခန်းဗုံးကြဲခံရလို့ ၄ ဦးဒဏ်ရာပြင်းထန်

ကန့်ဘလူ၊ ဇူလိုင် ၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သီရိမွန်ကျေးရွာအနီးရှိ ကန့်ဘလူခရိုင်ပကဖလှုပ်ရှားစခန်း လေကြောင်းကနေဗုံးကြဲခံရပြီး အမျိုးသမီးဆေးတပ်ဖွဲ့ဝင် ၁ ဦးအပါ ၄ ဦးဒဏ်ရာရသွားတယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံဆီက သိရပါတယ်။

ဇူလိုင် ၄ ရက်ညနေ ၆ နာရီကျော်မှာ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၄ လုံးကြဲချပြီး တိုက်လေယာဥ်ပါ Rocket (ရော့ကတ်)နဲ့ ၆ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

“အသံကိုဖျောက်လာတာ။ မနေ့ကဖြစ်ချင်တော့ မိုးကလည်း ရွာနေတာ။ အသံကိုဖျောက်လာပြီးမှ ဒုံးဒုံးဆိုပြီး အသံ ၂ ချက်ကြားပြီး ဖိုက်တာသံတက်လာတာ မိုးခြိမ်းသံထင်နေတာ။ အဲ့ကောင်က နောက် ၁ ခေါက်လာပြန်ချပြီးပြန်သွားပြီးမှာ မြောက်ဘက်က ၁ စင်းကထပ်တက်လာပြီး ကြဲတာ”လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

ဇွန် ၂၄ ရက်မှာ အထက်ပါစခန်းကနေ ဘက်ပြောင်းလာတဲ့စစ်ကောင်စီတပ်သား ၁ ဦးအပါ ၂ ဦးဟာ ကန့်ဘလူအခြေစိုက် ၆၀၀၆ တင့်ကားတပ်ထံ ထွက်ပြေးသွားပြီးနောက် အခုလို စခန်းတည်နေရာအတိအကျကို ဗုံးလာကြဲသွားတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

” နာမည်က အောင်ကြီးနဲ့ဝက်မ အခု အမှတ် ၆၀၀၆ တင့်ကားတပ်ထဲမှာရှိနေတယ်လို့ပဲ သိရတယ်၊ အဲ့ ၂ ယောက်ပြေးသွားပြီးမှာအခု နေရာအတိအကျနဲ့ ဗုံးလာကြဲတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ထံ ပြန်လည်ထွက်ပြေးသွားတဲ့ ဝက်မ ဟာ ၂၀၂၃ အတွင်း ကန့်ဘလူပကဖထံ ဘက်ပြောင်းခိုလှုံလာသူဖြစ်ပြီး ပကဖတပ်ဖွဲ့မှာ အခြားတပ်ဖွဲ့ဝင်တွေနဲ့အတူနေထိုင်ကာ လက်နက်လည်းကိုင်ခွင့်ရရှိထားကာ အောင်ကြီးနဲ့အတူ ထွက်ပြေးစဥ်မှာလည်း MA 1 သေနတ် ၁ လက်နဲ့ ပြောင်းချော ၁ လက် ယူဆောင်ထွက်ပြေးသွာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးကြဲခံရလို့ စခန်းအတွင်းရှိ ဆေးတပ်သား ရဲမေ ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး(စိုးရိမ်ရ) ဒဏ်ရာရသွားပြီး စခန်းအတွင်းရှိ အဖွဲ့ဝင်တွေနေထိုင်တဲ့တဲအချို့နဲ့ ကား ၁ စီးထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရချိန် အနီးဝန်းကျင်မှာလည်း ခရီးသွားပြည်သူကားတွေရှိနေတာကြောင့် ခရီးသွားတွေမှာ ဖရိုဖရဲပုန်းရှောင်ထွက်ပြေးကြရပြီး ထိခိုက်သူတွေတော့မရှိဘူးလို့ ဆိုပါတယ်။

ရွှေဘို-မြစ်ကြီးနားလမ်းမှာ စစ်ကောင်စီတပ်က ဂိတ်ဖွင့်ငွေတောင်းတာ၊ ပေါ်တာဆွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ်တာတွေလုပ်နေလို့ ခရီးသွားတွေအနေနဲ့ ကွင်းလမ်းကနေ သွားလာဖို့ တော်လှန်ရေးအဖွဲ့တွေက သတ်မှတ်ထားပြီး ပေကြီးကွင်းလမ်းကို အသုံးပြုသူတိုင်း သီရိမွန်ရွာလမ်းဆုံကို ဖြတ်သန်းသွားလာကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။